အပိုင်း-(၃၁)

79.9K 7.3K 458
                                    

"ကိုကို အိမ်အတွက် ပိုက်ဆံတောင် ကြေသေးတာမဟုတ်ဘူးလေ"
 
"ဟုတ်တယ် အဲဒီ့အိမ်ကိစ္စလဲ ပြောမလို့ ပိုက်ဆံအကျန်ကို ကိုကိုဝင်သွင်းခဲ့ပြီ"
 
မင်းဆက် ရင်ထဲ ဖျင်းခနဲ နာသွားလေသည်။ ကိုကို ဘယ်လိုများလုပ်ရက်ပါပေ့။ သူ အနှစ်နှစ်အလလကြိုးစားတာဝန်ယူခဲ့သော အခြေတစ်ခု အပြီးမသတ်နိုင်ခင်မှာပဲ ကိုကိုက ဝင်နိဂုံးချုပ်သွားသည်။
 
ဘယ်မှာလဲ မင်းဆက်၏ တာဝန်ယူမှု ပေးဆပ်နိုင်မှု။
 
ကိုကို့တွင် လက်ဆုပ်လက်ကိုင် ပြစရာ ငွေများများစားစားမရှိတာကို သိသဖြင့် ဒီငွေဟာ သေချာပေါက် အဖေပေးထားသော ချက်လက်မှတ်ဖြစ်မည်။ ဒါကို သူပိုနာသည်။
 
ကိုကို၏ လုပ်ရပ်တွင် မင်းဆက်ဟာ အပြောသာကြီးသော ခပ်ပေါ့ပေါ့ယောက်ျားတစ်ယောက် ဖြစ်သွားချေပြီ။
 
"ကိုကို လွန်တယ် ..."
 
စိတ်ဆိုးသည့်တိုင် သူ့အပြောဟာ မကျယ်လောင်။

ကိုကိုက မျက်ခုံးကိုပင့်သည်။ ကိုကိုဟာ တုံးအပြန်တော့လည်း တစ်ဖက်ကမ်းခတ်အောင် တုံ့အလွန်းသည်။
 
"ဘာကိုလဲ သိုက်"
 
"ကျွန်တော့်လုပ်အားခနဲ့ပဲ ကျွန်တော်သွင်းမယ်လို့ပြောထားတယ်လေ ကိုကို"
 
"အိုကွာ အချင်းချင်းပဲ ဘယ်သူသွင်းသွင်းပေါ့"
 
"ဟင့်အင်း ကိုကို ၊ ကျွန်တော် တာဝန်ယူထားတဲ့အလုပ်ကို ကိုကို ဒီလို မဖြတ်တောက်သင့်ဘူးလေ"
 
ကိုကို့မျက်နှာက ရုတ်ချည်း မည်းမှောင်ကျသွားသည်။ သူမေ့သွားသည်။ ကိုကိုဟာ စိတ်ဆတ်သော ၊ ဒေါသကြီးလွယ်သော လူတစ်ယောက်ဆိုတာ သူမေ့သွားခဲ့သည်။
 
"အဲ့လိုမပြောပါနဲ့ သိုက် ၊ မင်းနဲ့ကိုကိုဟာ တစ်သားတည်းလို့ မင်းကိုယ်တိုင် ပြောခဲ့တာပဲ မင်းအလုပ်ဟာ ကိုကို့အလုပ် ၊ မင်းပိုက်ဆံဟာ ကိုကို့ပိုက်ဆံ ၊ မင်းဒုက္ခဟာ ကိုကို့ဒုက္ခပဲ"
 
"ကျွန်တော် ပြောချင်တာက .. "
 
"တော်ပြီ ငါမင်းနဲ့ စကားမပြောချင်တော့ဘူး"
 
ကိုကိုသည် ဖြုန်းခနဲဆိုသလိုပင် နေရာမှ ထရပ်ကာ သူ့ Wallet ကိုယူ၍ ရှောင်ထွက်သွားသည်။ မင်းဆက် လိုက်မချော့ခဲ့ပါ။ နောက်ကနေလက်လိုက်ဆွဲလျှင် သေချာပေါက် ရုန်းဆန်မည့် သူမို့ ဒီလို Public area မှာ ကိုကို့အရှက်အား မယွင်းစေချင်ပါ။
 
••••••
 
မှန်ထဲ၌ ပေါ်နေသော Bathrobe ဝတ် ခန္ဓာကိုယ်ဟာ ရေချိုးပြီးကာစဖြစ်သဖြင့် ကြည်လင်ဖွေးနုနေသည်။ ခန့်ဦးရှိန်သည် သူ၏ ကောက်ကွေးသော ဆံမျှင်များကို ခေါင်းလိမ်းဆီတစ်မျိုးလိမ်းကျံပွတ်သပ်၍ ခပ်ပွပွ ပြုပြင်နေသည်။ သိုက်က ကုတင်ပေါ်မှာ စာဖတ်နေသော်လည်း သူ့ထံ စောင်းကြည့်စောင်းကြည့်။
 
ကုတင်ပေါ် မသွားချင်၍ ခုံက ထပြီး မှန်ရှေ့ ရပ်နေမိသည်။ ဒီတိုင်းရပ်မနေချင်တော့သဖြင့်  မျက်နှာကို care လုပ်သည်။ သိုက် ပြန်ချော့ဖို့ သူစောင့်နေတာ ဆိုပါက တော်တော် ကလေးကလားဆန်နေလိမ့်မည်။ ဒါပေမဲ့ ဒါက အမှန်သာ။
 
အတန်ကြာပြီး သိုက်က ဖတ်မနေသော စာအုပ်ကို ပိတ်လိုက်သည်။ ကုတင်ပေါ်မှ ဆင်းကာ သူရှိရာသို့ ခြေလှမ်းမှန်မှန်လှမ်းလာသည်။
 
သူ့မျက်နှာက ဒေါသဖြင့် ထောင်လွှားနေသည်။
 
သိုက်သည် သူ့ခါးကို လက်ဖြင့် ဖက်၍ ခန္ဓာကိုယ်နှင့် ဆွဲကပ်လိုက်သည်။
 
"ဖယ်စမ်း ကွာ"
 
"စိတ်မဆိုးပါနဲ့ ကိုကို။ ကိုကိုစိတ်ဆိုးရင် ကျွန်တော် မနေတတ်ဘူး"
 
မှန်သားပြင်တွင် ပုံရိပ်ထင်သော သူ့ပုခုံးရှိ သိုက်၏ မျက်နှာက သနားစဖွယ်။ သူ့မာနတို့သည် အချစ်နှင့် ပျော့ပျောင်းလာသည်။
 
"တစ်ညနေလုံး ပစ်ထားပြီးတော့ ... "
 
သူ သိုက်ကို တွန်းဖယ်ပစ်လိုက်ပြီး နံရံကပ်ဗီဒိုရှည်ဆီလျှောက်သွားရာ သိုက်က သူ့နောက်မှ ထပ်ကြပ်မကွာ လိုက်လာသည်။
 
"ပွဲစားနဲ့ တွေ့ပြီးပြီ ၊ ကိုကိုလိုချင်တဲ့ အကူတွေရှာခိုင်းထားတယ်"

Swamping with Intimacy (Season2)Where stories live. Discover now