ကိုကိုလက်ဖျား၏ နွေးထွေးမှုကို သူ ခံစားရသည်။ သူက အာရုံများကို ကြိုးစား၍ နှိုးဆွလိုက်သည်။
သူ ကိုကို့ကို မြင်ရသည်။ ကိုကိုသည် သူ့လက်မှာ ခေါင်းချ၍ အိပ်နေသည်။ ထိုစဉ် သူ့ လှုပ်ရှားမှုကြောင့် ကိုကို ရုတ်တရက် နိုးသွား၏။
"သိုက် ... နိုးလာပြီလား?"
ကိုကိုသည် ပြာပြာသလဲနှင့် သူ့နဖူးပေါ် လက်တင်ကာ အပူရှိန်ကို စမ်းနေ၏။
"ကျွန်တော် နေကောင်းပါတယ် ကိုကို"
"သူနာပြုကို ခေါ်ပေးမယ်နော် .. ခဏ"
ထသွားတော့မည့် ကိုကို့လက်ကို သူသည် ဖျတ်ခနဲ လှမ်းဆွဲလိုက်သည်။ ကိုကို သူ့ကို ဇဝေဇဝါ ပြန်ကြည့်သည်။ ကိုကို့မျက်နှာမှာ မတည်ငြိမ်ဘဲ ပူပန်မှုတွေနှင့် အစိုးမရ ဖြစ်နေသည်ကို တွေ့ရသည်။
"ကျွန်တော့်နား လာအိပ်ပါအုံး"
သူ့လေသံက တိုးဖျော့ဖျော့ ပါးလှပ်လှပ် ဖြစ်သော်လည်း ကိုကို အတိအကျ ကြားသည်။
"ငါ တကယ် ... အဲ့လို အိပ်လို့ ရမလား"
သူက ခေါင်းကို ငြိမ့်ပြလိုက်သည်။ ထို့အခါ ကိုကိုသည် သူ့ စကားအတိုင်း ဘေးနား ကပ်လှဲကာ စောင်ကို နှစ်ယောက် လုံအောင် ခြုံလိုက်၏။
"အိမ်ပြန်မလား သိုက် .. ဒါမှမဟုတ် ငါမင်းဆီ လာအိပ်လို့ရမလား?"
သူသည် ခေါင်း အတွင်တွင် ရမ်းပြီး ကိုကို့ခါးကို ဖက်ကာ ရင်အုံတွင် မျက်နှာ အပ်ပစ်၏။
"မင်းငါ့ကို ဘယ်လိုဖြစ်စေချင်လဲ ... အရာအားလုံး မင်းစိတ်တိုင်းကျ ဖြစ်စေရမယ်"
ကိုကိုက လှိုက်မောစွာ ဆိုသည်။ သူ့ ဆံပင်များကို ကိုကိုလက်ဖျားက ပွတ်ချည် သပ်ချည် ကလူနေသည်ကို ခံစားမိသည်။ သူ့ ရင်၌ ရွှင်မြူးလှပါသည်။
ထိုစဉ် တာဝန်၏ အသိသည် နာရီကို ကြည့်ရန် ဆော်သြ၏။ သူ Operation လုပ်ရအုံးမည်။
သူသည် ကိုကို့ ရင်ခွင်မှ ကုန်ရုန်းထကာ ကုတင်ပေါ်က ဆင်းသည်။ စားပွဲပေါ်က ဂျူတီကုတ်ကို ယူဝတ်ရာတွင် ကိုကို သူ့ကို အလိုမကျစွာ ကြည့်၏။
YOU ARE READING
Swamping with Intimacy (Season2)
Romance-သိုက်မင်းဆက် နောင်တဆိုတာ မရှိဘူး ကိုကိုဖြစ်နေသရွေ့ ... -ခန့်ဦးရှိန် သိုက်နဲ့ ပတ်သတ်တဲ့ လူတိုင်းကို ငါချစ်နိုင်ပါတယ် ... (I want you to enjoy Season-1 before this>,<)