ဝင်းပသော နေရောင်ခြည်အောက်ရှိ ဟိုတယ် ရေကူးကန်တွင် ပြာကြည်ကြည် ရေလှိုင်းများ ဘောင်ဘင်ခတ်နေကြသည်။
အားလပ်ရက် မဟုတ်၍ ရေကူးသူများသိပ်မရှိ။ ဟိုတယ်လာ ဧည့်အချို့သာ ကူးခတ်နေသော နေရာ ကျယ်ကျယ်လွင့်လွင့်တွင် သူ အနားယူနေသည်။
အလျား အနံ တစ်ပတ် ကူးပြီးနောက် ရေကန်ဘောင်တွင် မှီကာ ရေဘူးမော့ပြီး အမောဖြေစဉ် ..
အဝတ်လဲခန်းထဲမှ ဖြောင့်မတ် တည်ခန့်သော ယောက်ျားတစ်ဦး ထွက်လာသည်။
ထိုယောက်ျားသည် နဖူးပေါ်ရှိ ကွေးလိမ်သော ဆံပင်များကို တစ်ချက် သပ်တင်ပြီး ရေပန်းအောက် ဝင်ကာ သန့်စင်နေသည်။ ရေအစိုဓာတ်ဖြင့် ဆံပင်ကောက်များက ပျော့ပျောင်းလာသော်လည်း ပုံသွင်းထားသူပီပီ ခပ်ဖွာဖွာ ပုံစံဖြင့် လှပနေဆဲ ဖြစ်သည်။ ဆန့်တန်းသော ပုခုံးပြင်မှ စီးကျလာသော ရေပေါက်များသည် ကျယ်လွင်သော ရင်အုပ်များ၏ မသိမသာ မြင်ရသော အမွှေးပါးပါးအချို့မှ ကူး၍ ဘောင်းဘီတို အနက်၏ အထက်ရှိ ကြွက်သားမြောင်းများသို့ မွှန်းခြယ်သွားကြသည်။
ခေါင်းကို မော့လိုက်သောအခါ ဆံပင်ကောက်တို့က လွင့်ဝဲသွားပြီး ဖြူကြည်သော မျက်နှာပြင်က ရှင်းခန့်စွာ ပေါ်လာသည်။ မျက်ခုံးတန်း နှင့် မျက်ဝန်းဝိုင်းတို့မှာ ထူးခြားစွာ ညိုရင့်နေကြသည်။ ယောက်ျားဆန်သော နှာတံက ချွန်မြ၍ ရေစဖြင့် ဖောင်းဆတ်နေသော နှူတ်ခမ်းတို့ သွေးကြွနေသည်။ အကြည့်များက နူးညံ့၍ မေးရိုးတို့က ပြတ်သားသည်။
သို့ရာတွင် ယောက်ျားရင့်မာဟု မဆိုထိုက်သည်အထိ သူ့ ငယ်ရွယ်မှုက ထင်းလင်းနေသည်။ ထိုသို့သော ယောက်ျားပျို၏ ခန္ဓာ တစ်ခုလုံးသည် ဖွေးမွတ် ကြံ့ခိုင်ကာ ပြစ်ချက်ဟူ၍ ဆေးမှင်တစ်စပင် မရှိပါ။
ရေပန်းကို ပိတ်ချသော လက်ချောင်းများက ရှည်လျား ဖြူဝင်းနေသည်။ ခြေလှမ်းကျဲများက ရေကန်သို့ ဦးတည်ပြီးနောက် ကန်ဘောင်တွင် မှီ၍ ရေသောက်နေသော လူ အနီးတွင် ရပ်သွား၏။ ထိုလူ မော့မကြည့်မီ သူသည် ရေကန်ထဲသို့ လှပစွာ ဒိုင်ဗင်ထိုးဆင်းသွားသည်။
VOUS LISEZ
Swamping with Intimacy (Season2)
Roman d'amour-သိုက်မင်းဆက် နောင်တဆိုတာ မရှိဘူး ကိုကိုဖြစ်နေသရွေ့ ... -ခန့်ဦးရှိန် သိုက်နဲ့ ပတ်သတ်တဲ့ လူတိုင်းကို ငါချစ်နိုင်ပါတယ် ... (I want you to enjoy Season-1 before this>,<)