"အရမ်းနာနေလားဟင်..."
"ရတယ်။ မြန်မြန်ထည့်"
ဝါဂွမ်းငယ်ဖြင့် ဆေးဝါဝါတို့ကို ကိုကို့၏ နှုတ်ခမ်းထောင့်တွင် ကပ်ညှိစေရင်း မျက်နှာအရိပ်အခြေကိုလည်း ကြည့်ရသေး၏။ နာကျင်မှုဖြင့် ရှုတ်မဲ့နေသည့် မျက်နှာကြောင့် ကိုကို့ကို အနာတရဖြစ်အောင် လုပ်သည့် တစ်ဖက်လူအား ဒေါသထွက်ရသည်။
"မျက်နှာချောချောလေးကို ဒဏ်ရာရအောင်လုပ်တယ်။ အဲ့လူကိုမုန်းလိုက်တာ..."
"ဒဏ်ရာရတော့ မင်းက မချစ်တော့ဘူးလား?"
"ခင်ဗျာ..."
ဝါဂွမ်းငယ်ကိုင်ထားသော လက်ချောင်းတို့က လေထဲတွင် ဘရိတ်ဆွဲလိုက်သည့်နှယ် ရပ်တန့်သွားသည်။ လရောင်အောက်က ကိုကို့မျက်ဝန်းများက စိတ်တို၍မနေသလို ပြုံးရွှင်မှုလဲ မထင်ပါ။ ကိုကို သူ့ကို အတည်အတံ့မေးနေခြင်းဖြစ်သည်။
"မချစ်တော့ဘူးလားလို့"
"ချစ်ပါတယ်။ ကျွန်တော်ကိုကို့ကို သိပ်ချစ်တယ်..."
"အဟွန်း...မင်းဟာကလဲ မဖြေချင်ဖြေချင်နဲ့"
"ဟောဗျာ..."
လောလောလတ်လတ်ဆေးထည့်ပေးတာကို အပြီးသတ်ရင်း မျက်နှာကို ခေါင်းငုံ့၍ ပြုံးမိသည်အထိ ရှက်ရိပ်ထင်သွားရသည်။ ရင့်ကျက်ပြီးသား လူတစ်ယောက်၏ အတွေးနယ်တွင် "ကိုကိုသည် မင်းဆက်အား ရိသဲ့သဲ့လုပ်နေခြင်း"အား နားမလည်ဝံ့ဘဲ လက်ခံရသည်။ မင်းဆက် အားထုတ်မှုတွေ အရာထင်လာဟန်ရှိသည်။ ဦးနှောက်ကို ဆန့်ကျင်သည့် နှလုံးသားလေးက ငွေဖျော့ရောင်စန္ဒာလမ်းတလျှောက် မြှုပ်ချည် ၊ ပေါ်ချည်နဲ့ အစွမ်းပြနေတယ်ထင်ပါရဲ့။
"ကိုကို ထမင်းစားရအောင်"
နံဘေး သစ်သားခုံပေါ် တင်ထားသည့် ထမင်းပန်းကန်လေးသည် စတီးရောင်ဇွန်းလေးနှင့် သေသပ်နေသည်။ ကြက်သားနှင့် ပဲသီးရှည်ကို ရောချက်ထားသည့် ဟင်းအမယ်ကို ညီစီစီထမင်းလုံးများထောင့် ခပ်များများပုံထားသည်။
"မင်းချက်ထားတာလား?"
"ဒါပေါ့။ ကျွန်တော် ချက်ထားတာ..."
YOU ARE READING
Swamping with Intimacy (Season2)
Romance-သိုက်မင်းဆက် နောင်တဆိုတာ မရှိဘူး ကိုကိုဖြစ်နေသရွေ့ ... -ခန့်ဦးရှိန် သိုက်နဲ့ ပတ်သတ်တဲ့ လူတိုင်းကို ငါချစ်နိုင်ပါတယ် ... (I want you to enjoy Season-1 before this>,<)