ကြွေပြားဖြူများခင်းထားသော ဘုရားရင်ပြင်သည် နေ့လယ်ခင်းတွင် အေးသက်သာယာလှသည်။ ဘုရားပေါ်တွင် သပြေပန်းခက်များကို ပန်းအိုး၌ ဆက်ကပ်လျက်ရှိသော ကောင်လေးသည်လည်း ပကတိ ငြိမ်းချမ်းနေသည်။ ဘုရားဝတ်ပြုပြီး မိမိ၏နေ့နံ သောကြာထောင့်တွင် ရေမဆက်ကပ်ခင် ချစ်ရသော တနင်္လာသားအတွက် တနင်္လာနေ့နံထောင့်သို့သာ လှမ်းလျှောက်သွားသည်။
ဘုရားဆင်းတုရုပ်ကို ရေစင်သွန်းလောင်းနေရင်း ပို့သသမျှ မေတ္တာများ ကိုကို့ဆီဆိုက်ရောက်ရန် တောင်းဆုပြုရသေး၏။ ကိုကိုဘာပဲလုပ်လုပ် အဆင်ပြေချောမွေ့စေဖို့ ဆန္ဒသည် မင်းဆက်အတွက် အတောင့်တဆုံး ဆုမွန်တစ်ရပ်ဖြစ်သည်။
ထို့နောက် ပုတီးစိပ်ကာ နာရီဝက်မျှ တရားထိုင်လိုက်သည်။ ကိုကိုနှင့်မတွေ့ရသော သုံးရက်မြောက်နေ့သည် အလူးအလဲ လွမ်းဆွတ်မိတာကလွဲလျှင် အဆင်ပြေသည်ဟု ဆိုရပါမည်။ မင်းဆက် ဒီသုံးရက်လုံး ကိုကို့ကို လုံးဝမတွေ့ရသေးပါ။ မင်းဆက်ဖက်က စတင်သည့် ခြေလှမ်းများကို ခေတ္တရပ်ဆိုင်းလိုက်သည့်အခါ ပုံမှန်ပြုနေကျဆက်ဆံရေးလေးပင် တိခနဲ ပြတ်ထွက်သွားသည်။
သို့သော် ထိုသုံးရက်တွင် မင်းဆက်၏ ကစဉ့်ကလျားစိတ်များကြောင့် ဆေးရုံတွင် အလုပ်လုပ်နေသည့်အခါဖြစ်စေ ၊ ရွာထဲ သွားသည့်အခါဖြစ်စေ မျက်စိထောင့်တွင် ကိုကို့အရိပ်များကို မြင်နေခဲ့ရသည်။
တရားထိုင်ခြင်းအားဖြင့် ငြိမ်းအေးသွားသော စိတ်အား ထပ်မံကြည်လင်စေအလို့ငှာ ရေအိုးစင်ဘေးကပ်လျက်လှဲထားသော တံမြက်စည်းကို ယူ၍ ရေပြင်တလျှောက် လှည်းကျင်းနေလိုက်သည်။
ပြောင်သလင်းခါသွားသော လေဖောင်းအိတ်ခွံထဲ မျက်လုံးတစ်ဖက်မှိတ်၍ ချောင်းကြည့်နေမိသည်။ အာလူးကြော်စားနေတာ မိနစ်ပိုင်းပဲ ရှိသေးသော်လည်း ထည့်ခံလိုက်ရသော ဂျင်းကြောင့် ကုန်စင်သွားသော အိတ်ခွံကိုသာ မကျေမနပ် မျက်စောင်းထိုးလိုက်သည်။
"ဒေါ်ပုမ..ဒေါ်ပုမ...ငါ့ကို ဂျင်းထည့်သွားတယ်"
သစ်တော ပြောတာလည်း အမှန်။ သူစားနေကျ အာလူးကြော်ယူပါမယ်ဆိုတာကို ဒေါ်ပုမက "အဲ့ဒါကုန်နေလို့ ဒါလေးကောင်းတယ်။ စားကြည့်" ဆို၍ မုန့်အနည်းငယ်သာပါသော လေဖောင်းအိတ်ကြီး လက်ထဲထိုးပေးခဲ့သည်။ သစ်တောသည်လည်း ဘုမသိဘမသိ ၊ အသစ်အဆန်းဆိုတော့ မြည်းစမ်းချင်သည့်စိတ်လေးနှင့် ဘုရားစောင်းတန်းကိုလာတာ လေသလပ်ခံပြီး အာလူးကြော်စားနေဖြစ်သည်။ ခုဘယ်လောက်မှတောင် မစားရဘဲ ကုန်သွားသော အာလူးကြော်ကြောင့် မကျေမနပ်ဖြင့် ထကာ အမှိုက်ပုံးထဲ သွားပစ်ရတော့သည်။
VOUS LISEZ
Swamping with Intimacy (Season2)
Roman d'amour-သိုက်မင်းဆက် နောင်တဆိုတာ မရှိဘူး ကိုကိုဖြစ်နေသရွေ့ ... -ခန့်ဦးရှိန် သိုက်နဲ့ ပတ်သတ်တဲ့ လူတိုင်းကို ငါချစ်နိုင်ပါတယ် ... (I want you to enjoy Season-1 before this>,<)