Extra-16

48.9K 4K 999
                                    

တံခါးကို ဒုန်းခနဲ ဆောင့်ပိတ်မည် ပြင်ပြီးမှ မင်းထက်၏ လက်ချောင်းတို့က ရပ်တန့်သွားရသည်။ ကုတင်ပေါ်မှာ အိပ်နေသည့် တူကလေးက သူ့ ခွဖက်လုံးကို မျက်နှာအပ်ကာ ကျကျနနပင်။ ကိုကြီးကို မကြည့်သည့် စိတ်နှင့် ဆွဲပွေ့ပြီး သူ့အဖေအခန်းထဲ သွားထည့်လိုစိတ်တော့ မရှိပါ။ ဖခင်ဖြစ်သည့် ကိုကြီးထက် မပိုလျှင်တောင် မလျော့သော မေတ္တာနှင့် သူ ဂိုဂိုးကို ချစ်ရသည်။ ကိုကြီး နှင့် တူသည့် သားလေးမို့ ပိုချစ်ရသည်။

ကုတင်ဘေးသို့ ဝင်ထိုင်ပြီးနောက် ဂိုဂိုး၏ မျက်နှာလေးကို စိတ်ပင်ပန်းစွာ သူ ကြည့်နေမိသည်။ ဆံပင်ကောက်ကောက် ပျော့ပျော့လေးများကို သပ်တင်ပေးရင်း သူ့ ရင်ထဲ တမြေ့မြေ့လောင်နေသည်။ သူ ကိုကြီးကို ဘယ်သောအခါမျှ စိတ်မကွက်ခဲ့ပါ။ မိဘများ မအားသည့် အချိန်တွင် လူမမယ် ကလေးလေး သူ့အား ဖခင်သဖွယ် ပြုစု ယုယပေးခဲ့သည့် အကို့ကို သူ့ ဉာဏ်ထဲ ယခုထိ မှတ်ထင်နေဆဲပင်။

အရွယ်နှင့် မလိုက်အောင် ရင့်ကျက်ရန် အပြုပြင်ခံထားရသည့် ကိုကြီးက သူ့ကို မွေးကတည်းက လက်ပေါ်မချ ထိန်းခဲ့ရသည်။ ကိုကြီး ဆယ့်ခြောက်နှစ်ရှိစဉ်က ခြောက်နှစ်အရွယ် သူနှင့် ညနေတိုင်း လမ်းလျှောက်ပေးချိန်မှာ ကလေးအဖေ ငယ်ငယ်လေးဟု ထင်ခဲ့ရကြောင်းကိုလည်း မှတ်မိပါသေးသည်။ မင်းထက်၏ လသားအရွယ်မှ စသည့် ဝေယျာဝစ္စများကို ပြုလုပ်ရန် မိခင် ပင်ပန်းမည် စိုးသဖြင့် ကိုကြီး အကုန်တာဝန်ယူခဲ့သည်ကိုလည်း ဖေကြီးက အမြဲတစေ တခုတ်တရ ချီးကျူးတတ်၏။

သည်လို ပြည့်စုံ ကုံလုံသော လူ၏ ညီငယ် သူ့မှာ မည်မျှပင် ကြိုးစား ထက်မြက်စေဦး ၊ ဟာကွက် အချို့တော့ ရှိနေခဲ့ပေလိမ့်မည်။ ဘယ်သောအခါမှ မှီနိုင်မည်မဟုတ်သော ကိုကြီးကို လိုက်ပြိုင်ရန်လည်း သူ မစဉ်းစားခဲ့ဖူးပါ။ သို့သော် ဖေကြီး၏ စကားများက သူ့အား ထိုပြိုင်မျဉ်းအပေါ် ဆွဲတင်သကဲ့သို့ ရှိနေသည်။

ဖွင့်ထားသော တံခါးကို နှစ်ချက် ဆင့်ခေါက်သံကြားရသဖြင့် သူ လှည့်ကြည့်လိုက်လျှင် မှိုင်းညို့သော မျက်နှာနှင့် ကိုကြီးသည် သူ့အား ကြင်နာစွာ ကြည့်နေကြောင်း တွေ့ရသည်။

Swamping with Intimacy (Season2)Where stories live. Discover now