အပိုင်း-(၃၀)

77.7K 7.4K 677
                                    

"ကိုကြီး!!!"

ဆံပင်ပွပွနှင့် ကောင်လေးက သူ၏ ရင်ခွင်ထဲ ပြေးဝင်လာသည်။ သူ ဆီးပွေ့ပြီး ဦးခေါင်းကလေးကို နမ်းရှိုက်လိုက်သည်။ မင်းထက်က အရပ်ရှည်သည့်တိုင် ခြောက်ပေတစ်ရှိသော သူ့အရပ်ကြောင့် ရင်ခွင်ထဲ မြှုပ်နေသည်။

"အီးဟီး ... "

သိုက်မင်းထက်သည် သိုက်မင်းဆက်ကဲ့သို့ အချွဲကလေးဖြစ်သည်။ အထူးသဖြင့် သူ၌ ချွဲသော ကောင်လေးများဖြစ်သည်။

"မငိုပါနဲ့ကွာ ငါပြန်လာပြီပဲ"

တအိအိငိုနေသော ကောင်လေး၏ နှာသီးဖျားသည် ရဲတွတ်နေတော့သည်။ သိုက်မင်းထက်သည် သူ၏ ရင်မှဖြစ်သော ညီငယ်လေးသာတကား။

"မေကြီး ..."

မင်းဆက် နှင့်အတူ ဝင်လာသော ဒေါ်မြတ်သူက သူ့ကို ရွှန်းတောက်အံ့သြစွာ ကြည့်နေသည်။ သူ့နား ကပ်လာသော မေကြီးကို သူထွေးပွေ့လိုက်သည်။

"ဦးရှိန်က ထွားလာလိုက်တာ ၊ ငါ့သားကြီး ကျန်းကျန်းမာမာရှိတာပဲ ကျေးဇူးတင်လှပါပြီ"

မာကျောသော သူ့အသည်းသည် မိခင်မေတ္တာနှင့် ပြိုကျလေသည်။ သူ ရှိုက်ငိုမိလျှင် သိုက်ဟာ ခြေမကိုင်မိ ၊ လက်မကိုင်မိ ဖြစ်တော့သည်။

"အယ် သားရယ် မငိုနဲ့လေ ... "

"ကိုကို မငိုရဘူး"

မေကြီးက ဖက်တွယ်ထားသော သူ့ကျောကို ပွတ်ချော့၍မဆုံးသေး ၊ သိုက်က အလန့်တကြားဆို၍ မေကြီးရင်ခွင်ထဲက သူ့ကို ဆွဲထုတ်ကာ ဖက်ပွေ့လာသည်။

"ဘာလို့ ငိုနေတာလဲ မငိုရဘူး"

မေကြီးရှေ့ဝယ် သူ ရှက်သဖြင့် သိုက်၏ ရင်ဘတ်ကို ထုပစ်လိုက်မိသည်။ ဒါကို မနာသရွေ့ဖြစ်သော သိုက်က သူငိုတာကို အတင်းအကန်တားမြစ်နေသည်။

"မငိုတော့ဘူး လွှတ်လို့ -ီးဖြစ်နေတာလား?"

သူ မာန်မဲပြီးမှ မေကြီးကို အားနာစွာ လှည့်ကြည့်မိသည်။ မေကြီးက ခေါင်းရမ်းရယ်၍ ခွင့်လွှတ်နားလည်သော အကြည့်ဖြင့် ကြည့်လေသည်။

"မေကြီး ဘာလို့ဆံပင်တွေ ညှပ်လိုက်တာလဲ?"

သေသပ်သော ဂုတ်ဝဲကို သူ ထိကိုင်၍ မေးမိသည်။ မေကြီးဟာ အရင်ကတည်းက ပုံတုံးသော အမေမျိုးမဟုတ်ပါ။ ဦးသိုက်ညွှန့်ထက် ဆယ်နှစ်ကျော်ငယ်လင့်ကစား အမျိုးသားနည်းတူ ရင့်ကျက်တာပဲရှိသည်။ နုနုနယ်နယ်ဖြစ်သော မေကြီးသည် ပါတိတ်ကို ကျော့နေအောင် ဝတ်၍ မိတ်ကပ်ပါးပါးကို ခြယ်သတတ်ပါသေးသည်။ သူမသည် အရွယ်တစ်ခုတွင် ရင့်ကျက်တည်ငြိမ်စွာ ရှိနေ၍ လူငယ်များနှင့်အပြိုင် အမြင်ကျယ်လေသည်။

Swamping with Intimacy (Season2)Where stories live. Discover now