ထို့နောက် ကျောင်းဝန်းထဲ၌ ဓာတ်ပုံရိုက်ခြင်းကို တခုတ်တရ အချိန်ပေး ပြုရပေသည်။ နှစ်ယောက်တည်း တစ်ခါ ၊ မိစုံဖစုံ တစ်ဖက်စီနှင့် တစ်ဖန် ၊ သူငယ်ချင်း လုပ်ဖော်ကိုင်ဖက်များနှင့်တစ်ဖုံ နားချိန်မရအောင် ရိုက်ရသည်။
မင်းဆက်သည် ကိုကို့လက်ကို အစဉ်အမြဲ ဆွဲကိုင်ထား၍ တစ်ကိုယ်တည်း တစ်ခါမျှ ဓာတ်ပုံမရိုက်ပါ။ ကိုကိုတစ်ယောက်တည်း ရိုက်ရန်သာ မလွှတ်ချင် လွှတ်ချင် လွှတ်ပေးလေသည်။ မင်းဆက်တို့ မိသားစု နှင့် တွဲရိုက်ရသောအခါ၌ ကိုကိုသည် တွဲထားသော သူ့လက်ကို ဖြုတ်ချသွားသည်။ မင်းဆက် ကိုကို့ကို နားမလည်စွာ ကြည့်လိုက်သည်။
"ဟို ... မင်းပဲ ရိုက်လိုက်တော့လေ"
"မဟုတ်ဘူးလေ ကိုကိုရဲ့ ... အဖေနဲ့တုန်းကလည်း ကျွန်တော်တို့ တူတူရိုက်တာပဲလေ"
"အေးလေ ... သားကလဲ စုံတွဲလိုက် ရိုက်မှပေါ့ လာပါ"
မေကြီးနှင့် မင်းထက်ကပါ ကိုကို့ကို ခေါ်ပေသိ ကိုကိုသည် နောက်သို့ ခြေတစ်လှမ်း ဆုတ်သွားသည်။ ကိုကို့အကြည့်ရှိရာသို့ မင်းဆက် မျက်လုံးကို လွှဲလိုက်သည်။
ကင်မရာတည့်တည့်၌သာ ရှိသော အေးစက်စက် မျက်ဝန်းညိုများက သူ့ချစ်သူကို သူ့ထံ ရောက်ရန် တွန့်ဆုတ်စေခဲ့သည်လော။
မင်းဆက် ကိုကို့ကိုလက်ကို လှမ်း၍ ဆွဲကိုင်လိုက်သည်။
"လာ ... "
"ဟင့်အင်း"
"ခန့်ဦးရှိန်! "
ဖေကြီးက ကိုကို့ကို စူးစိုက်ကြည့်၍ လေသံ ငြိမ်ငြိမ်ဖြင့် ခေါ်သည်။
"ဗျ .. ဗျာ"
ကိုကို၏ ရိုကျိုးထိတ်လန့်မှုတွင် မင်းဆက် မျက်နှာက တင်းမာသွားသည်။
"မင်းငါ့ကို အရှက်ခွဲနေတာလား ... လာဆို လာလိုက်"
"ဖေကြီး ! ကျွန်တော့်သတို့သားကို အဲ့လိုမပြောပါနဲ့ "
သူ အသံကျယ်သွားသည်ကို သူကိုယ်တိုင် သတိထားလိုက်မိသည်။ စူးခနဲ ကြည့်သော ဖေကြီးကို မျက်နှာလွှဲကာ ကိုကို့လက်ကို ပြန်ဆွဲ၍ အပါးသို့ အသာအယာ ဆွဲခေါ်လိုက်သည်။
BINABASA MO ANG
Swamping with Intimacy (Season2)
Romance-သိုက်မင်းဆက် နောင်တဆိုတာ မရှိဘူး ကိုကိုဖြစ်နေသရွေ့ ... -ခန့်ဦးရှိန် သိုက်နဲ့ ပတ်သတ်တဲ့ လူတိုင်းကို ငါချစ်နိုင်ပါတယ် ... (I want you to enjoy Season-1 before this>,<)