အပိုင်း-(၂၉)

77.8K 7.8K 1.4K
                                    

အခန်းထဲတွင် ခန့်ဦးရှိန် အဝတ်တွေ ထည့်နေသည်။ luggage ကြီးကြီးနှင့်တောင် မဆံ့ချင်သော အဝတ်တို့တွင် သစ်တောနှစ်ခြိုက်ခဲ့သည့် စွပ်ကျယ်အဟောင်းများသာမက ခန့်ဦးရှိန်၏ Branded အထည်တို့ပါ အပါအဝင်ဖြစ်သည်။ ဒါတွေကို သိုက်က တယုတယသိမ်းထားခဲ့သောကြောင့် သူ့လက်ဝယ်ပြန်ရောက်ခြင်းပင်။

အမှန်ဆို ရေပေါ်ဆီနေထိုင်မှုနှင့် ဈေးကြီးပေးရသော တန်ဖိုးကြီးအဝတ်အထည်အချို့ကို သူသိပ်သဘောမကျတော့။ ဒါပေမဲ့ ခန့်ဦးရှိန်ဟာ ခန့်ဦးရှိန်ပေမို့ သူ့တွင် ဘဝင်လေးကတော့ရှိသည်။ သူများအလယ်တွင် ခန့်ဦးရှိန်အဖြစ် ရပ်တည်ချင်သေးသည်။

သူသည် ပစ္စည်းများကို သေချာသပ်သပ်ရပ်ရပ်ထည့်အပြီး ဝရံတာသို့ လှမ်းထွက်ခဲ့သည်။ ဝရံတာတွင် သစ်သားကြမ်းပြင်၌ ထိုင်နေသော လုယာကို တွေ့ရသည်။ သူ လုယာဘေးနား ဝင်ထိုင်လိုက်သည်။

"ငါ့ကို စိတ်ကောက်နေတာလား လုယာ"

သူ ဇဝေဇဝါမေးမိသည်။ ဒီရက်ပိုင်း လုယာ သူ့ကို ရှောင်နေသည်။

"မကောက်ပါဘူး ကျွန်တော်က ကလေးလား?"

လုယာက ရှေ့တည့်တည့်ကို ကြည့်ရင်းက ခပ်အေးအေးဖြေသည်။ ခန့်ဦးရှိန် ကောင်ငယ်လေး၏ ဆံပင်များကို ဆွဲဖွလိုက်သည်။

"ငါ့အတွက်တော့ ကလေးပဲ။ မင်းနဲ့ငါ ဆယ်နှစ်ကျော်တောင်ကွာတာ"

"ကိုသစ် ... "

သူ လုယာ့ထံ လှည့်ကြည့်၍ မေးဆတ်ပြလျှင် ကောင်လေးက အနားတိုးကပ်လာသည်။

"ကိုသစ်ကို ဖက်ထားချင်တယ်"

လေရူးတစ်ချက်အဝှေ့တွင် သူ ငြိမ်သက်နေဆဲတွင် နွေညကဲ့သို့ နွေးသော ကိုယ်ခန္ဓာကလေးက သူ့ရင်ခွင်တွင် ကပ်ခိုလာသည်။ သူ လုယာကို ချစ်မြတ်နိုးစွာ ထွေးပွေ့လိုက်သည်။ လုယာဟာ သူအရမ်းချစ်ရတဲ့ ညီငယ်လေးသာ ဖြစ်လေသည်။ ဒီကောင်လေးအပေါ် သူ့မေတ္တာဓာတ်တွေ လွှမ်းခြုံထုံမွှန်းနေသည်။

"နေကောင်းအောင် နေနော် ကိုသစ်"

"စိတ်ချပါကွာ ... ငါဂရုစိုက်ပါ့မယ်"

လုယာ၏ လက်များက သူ့ခါး၌ တင်းကြပ်စွာ ချည်ရစ်ထုံးဖွဲ့ထားသည်။ တစ်ယောက်တည်းသော ကလေးမို့ သူ့ကို အစ်ကိုအရင်းလို ခင်တွယ်ရှာပါဘိ။

Swamping with Intimacy (Season2)Onde histórias criam vida. Descubra agora