အပိုင်း-(၄၅)

68.2K 6.5K 1K
                                    

"သားတို့က ကလေးတစ်ယောက် ယူမလို့တဲ့ အကို"

မီးပူတိုက်ပြီးသော အဝတ်အထည်များကို ခေါက်ထည့်နေစဉ် အမျိုးသမီးဖြစ်သူက အသိပေးလာသည်။ ဦးသိုက်ညွှန့် နှုတ်ခမ်းကို မဲ့ချမိ၏။

"အဟင်း ... ယောက်ျားနှစ်ယောက်က ကလေးဘယ်လိုမွေးမှာတဲ့လဲ?"

"အို ... အကိုကလဲ အဲဒီလိုတော့ ရင့်ရင့်သီးသီးမပြောပါနဲ့ .... ခုခေတ်က ဆေးပညာတွေ ပိုကျယ်ပြန့်လာပြီပဲ .... ပိုက်ဆံတတ်နိုင်ရင် ဘာမဆိုဖြစ်နိုင်ပါတယ်"

သည်ကိစ္စမှာ မြတ်နှင့်သူ လေကြောမတည့်တော့။

သဘောထားကွဲလွဲသော မည်သည့်ကိစ္စကို ဖြစ်စေ ၊ အမြဲ ညှိယူနိုင်ခဲ့သော သူတို့လင်မယားသည် သားအရေးမှာတော့ အဖုအထစ်ရှိမြဲဖြစ်သည်။ ဒါသည်လဲ မြတ်က သဘောထားကြီးလွန်းနေတာပင်။ သူ့ဖက်က စိတ်ဓာတ် သေးသိမ်နေခြင်း မဟုတ်။

"ထားပါ ... သူတို့ ကလေးယူမဲ့ကိစ္စကို ကို့ကို ဘာလို့ လာပြောနေရတာလဲ မြတ်"

"အကိုက သူ့အဖေပဲလေ"

"သူ ကို့ကို အဖေနေရာသဘောထားတာ မဟုတ်ဘူး မြတ် ... ခုကို မင်းကတစ်ဆင့် အသိပေးခိုင်းတာပဲ ကြည့် ... ငါဆိုတာ ဒီမိသားစုမှာ ဘာမျှ အရေးပါတဲ့ ကောင် မဟုတ်ဘူး"

"အကိုကလဲ"

သည်လိုကျ မြတ်က စိတ်မကောင်းဖြစ်သယောင်။ စာကြည့်စားပွဲ ရှင်းပေးရင်းက သူ့ကို ချော့ရန် စကားလုံး ရှာနေပုံရသည်။

"ငါတော့ ဒီလိုသားမျိုး မွေးမိတာ နောင်တရတာပဲ"

"စိတ်ထဲ မပါတဲ့ စကားတွေ မပြောပါနဲ့ အကိုရယ်"

မြတ်စကားကြောင့် သူက နာနာကျင်ကျင် ရယ်ချမိသည်။ သား နှင့် သူ ဝေးသွားခဲ့သည်က ကာလအရ ကြာမြင့်လွန်းသဖြင့် ယခင်ဆက်ဆံရေးကိုပင် အစရှာမရတော့။ ဒါကို ထပ်ပြီး နောက်တစ်မျိုး ဆက်နွယ်ဦးမည်သတဲ့။ သည်နေရာတော့ သိုက်မင်းဆက် ညံ့လွန်းသွားပြီ။

မည်သို့ဖြစ်စေ သေချာသည်က ထိုမြေးကို သူလက်ခံဖြစ်မည် မဟုတ်ပေ။

••••

သူတို့ Bangkok ထွက်ဖြစ်သော နေ့၌ ရာသီဉတုက ကောင်းစွာ သာယာသည်။ တက်ကြွသော ကြက်ဖ ကိုကိုသည် လေယာဉ်ပေါ် ရောက်ကတည်းက အငြိမ်ကိုမနေ။ တစ်လမ်းလုံးလည်း မအိပ်။ လမ်းတလျှောက် ကိုကို သူ့ကို တကျိတ်ကျိတ် တွတ်ထိုးနေသည့် အကြောင်းများမှာ ကလေးအကြောင်းချည်းသာ ဖြစ်နေခဲ့သည်။

Swamping with Intimacy (Season2)Where stories live. Discover now