"ဒီမှာက ရေနွေးမရဘူး ကိုကိုရဲ့"
သိုက်သည် စွပ်ကျယ်တစ်ထည်ကို ရေလျှော်နေရင်းမှ ညည်းညည်းညူညူပြောလေသည်။
"ငါ ဒီရေနဲ့ အသားကျနေပါပြီကွာ"
ခန့်ဦးရှိန်က အုတ်ရေကန်ထဲမှ ရေကို ခွက်အပြည့်နှင့် လောင်းချိုးနေလျက် မန္တလေးအိမ်က ရေချိုးခန်းအကြောင်းကို သတိရမိကာသွားသည်။ ယခင်က သိုက် နှင့် သူသည် ရေအတူတူချိုးဖြစ်ကြတာ များ၏။ Bathtud ထဲတွင် နှစ်ယောက်သား အချိန်အကြာကြီးစိမ်ကာ တစ်နေ့တာ ကြုံခဲ့ရမျှ အဖြစ်အပျက်များကိုဖြစ်စေ ၊ ရောက်တတ်ရာရာ စကားများဖြစ်စေ ၊ ဇာတ်ကားအကြောင်းများဖြစ်စေ မမောနိုင်မပန်းနိုင် အာလူးဖုတ်တတ်ကြသည်။ တစ်ခါတစ်လေများ ရေချိုးနေရင်းဖြင့် သိုက် က စခန်းထလျှင် သူ့မှာ ဆင်နှာမောင်းနှင့် ဖက်လှဲတကင်း နှုတ်ဆက်ရတတ်သည်။
တူတူနေဖြစ်ပြီး နိူးလာသည့် မနက်အချိန်များတွင်မူ ရေပန်းအောက်သို့ နှစ်ယောက်လုံးဝင်၍ အမြန်ဆုံးနည်းနှင့် ပန်းကန်လုံးစီးကာ ချိုးကြရသည်။ ကလူကျီစယ်ဖို့ မဆိုနှင့် ၊ စကားပင် ပြောချိန်မရလောက်အောင် သွက်သွက်လုပ်ပြီး ဂျူတီချိန်နောက်ကျနေပြီဖြစ်သော ကောင်လေးကို ဆေးရုံလွှတ်ရသည်။
"ဟိတ် ဘာတွေ တွေးနေတာလဲ?"
ပုခုံးထံ လာစင်သော ရေပြောက်ကလေးကြောင့် အတွေးပျောက်ကာ ခေါင်းရမ်း၍ ရယ်လိုက်မိသည်။
"မန္တလေးက အကြောင်းတွေ စဉ်းစားနေတာပါကွာ"
သိုက်က သူ့ကို မချိုမချဉ် ကြည့်၍ လျှော်လက်စ ပုဆိုးကို ဆပ်ပြာတိုက်နေသည်။ သိုက်သည် သူ့လို အပေါ်ပိုင်းဗလာနှင့် ရေဝတ်ပုဆိုးကို တိုတိုဝတ်ထားပြီး ခုံပုလေးတွင် ထိုင်ကာ အဝတ်များကို ကျကျနနလျှော်နေသည်။ သူက ကိုယ့်ဟာကို လျှော်ရန်ပြုသော်လည်း "ကိုကို့အဝတ်တွေ အရင်ထဲက ကျွန်တော်လျှော်နေကျပဲ ၊ လုပ်ပေးချင်လို့ပါ" ဟူသော စကားနှင့် အတွင်းခံကအစ ဆွဲယူကာ ဖွပ်ပေးနေခဲ့မှတော့ သူဘယ်လိုတားရက်ပါ့မနည်း။
"မင်း ရေချိုးလိုက်တော့ ၊ အအေးပက်လိမ့်မယ် ငါလောင်းပေးမယ်နော်"
YOU ARE READING
Swamping with Intimacy (Season2)
Romance-သိုက်မင်းဆက် နောင်တဆိုတာ မရှိဘူး ကိုကိုဖြစ်နေသရွေ့ ... -ခန့်ဦးရှိန် သိုက်နဲ့ ပတ်သတ်တဲ့ လူတိုင်းကို ငါချစ်နိုင်ပါတယ် ... (I want you to enjoy Season-1 before this>,<)