အိမ်ရှေ့သို့ ကားဆိုက်လိုက်သည်နှင့် ခန့်ဦးရှိန်မှာ laptop ထဲ ခေါင်းဝင်နေရာက မတ်တပ်ထ၍ သိုက်ကို ပြေးကြိုလေသည်။ ကားပေါ်က ဆင်းလာသော သိုက်၏ မျက်နှာက သူ့လက်ထဲက ဂျူတီကုတ်လို ဖြူမှိုင်းမှိုင်းပင်။
"သိုက် ပင်ပန်းလာတာလား?"
"ဟင် ... ကိုကို ဘာလို့ထွက်လာတာလဲ အပြင်မှာ အေးတယ်ဗျ"
"မင်းကို လာကြိုတာပေါ့ကွာ အိတ်ပေး"
သူက သိုက်၏ အိတ်နှင့် ဂျူတီကုတ်ကို လက်လွှဲယူသည်။ သူ့ ပုံစံက အိမ်ရှင်မဟန်ပန်မျိုး ဖြစ်နေသည်ကို သိသော်လည်း ဂရုမစိုက်နိုင်။ အိမ်သယ်၍ ရသည့် သူ့ Hotel လုပ်ငန်းများနှင့် ဆရာဝန်အလုပ်က မတူ။ သိုက်မှာ ကျောင်းတက်သည့် ရက်က တက်ရ ၊ အလုပ်ဝင်သည့် အချိန်လည်း ဝင်ရ။ Air con အပြည့် နှင့် လုပ်ငန်းခွင် ဖြစ်သည့်တိုင် တစ်နေကုန် လူနာတွေ လှည့်ကြည့်နေရမည် ဖြစ်သဖြင့် သိုက် ခြေထောက်တွေ တောင့်နေလောက်ပြီ။
"ညစာစားပြီးပြီလား ကိုကို"
"မင်းကို စောင့်နေတာ ... စားချင်စိတ်ရှိသေးလား"
"ရှိတယ် စားမယ်ဗျ"
ဤသို့ဖြင့် သူတို့နှစ်ယောက် ညစာအတူ စားကြသည်။ အိပ်ရာဝင်သည့် အချိန်၌ သိုက်က ကိုယ်လက်သန့်စင်၍ ညဝတ်လဲပြီးသည်နှင့် ဘုရားရှိခိုးသည်။ သူ့ကိုပါ ကန်တော့ပြီးလျှင် ပြီးချင်း ခွေခနဲ လှဲအိပ်တော့သည်။
"ကိုကို ဘာလုပ်နေတာလဲ အိပ်တော့လေ"
သူက အံဆွဲထဲက ဆေးတစ်ခုခုရှာနေသဖြင့် ခေါင်းသာ ခါပြလိုက်သည်။ ထို့နောက် အံထဲမှ လိုလိုမယ်မယ် ဆောင်ထားသည့် Voltex ဆေးဘူးကို တွေ့သည်။ ဆေးဘူးကိုင်ပြီး သူ ကုတင်ပေါ် တက်သည်။
"မင်း ခြေထောက်တွေ တောင့်နေတယ်မလား ... ငါဆေးလိမ်းပေးမယ်"
"အဲ .... မလုပ်ပါနဲ့ ကိုကို ရတယ်"
ညဝတ်ဘောင်းဘီကို ဒူးအထက်ထိလှန်တင်ပြီး Voltex ကို လက်ထဲ ညှစ်ထည့်၍ အသားပေါ် လိမ်းကျံ လူးပေးသောအခါ သိုက်ထံမှ ဖြစ်လာသည်က အားတုံ့အားနာ မျက်နှာ။ မကြိုက်။ သူစိမ်းတွေလည်း မဟုတ်ပါဘဲ သည်လို ဖြစ်နေသည်ကို မကြိုက်။
YOU ARE READING
Swamping with Intimacy (Season2)
Romance-သိုက်မင်းဆက် နောင်တဆိုတာ မရှိဘူး ကိုကိုဖြစ်နေသရွေ့ ... -ခန့်ဦးရှိန် သိုက်နဲ့ ပတ်သတ်တဲ့ လူတိုင်းကို ငါချစ်နိုင်ပါတယ် ... (I want you to enjoy Season-1 before this>,<)