"ဝှစ် ဝှစ်...ဝှစ်..."
ရီပေါ်အိပ်ခန်းထဲကနေ ဧည့်ခန်းဆီကိုဖုန်းကြည့်ကာထွက်လာရင်း ကြားလိုက်ရသည့်အသံကြောင့်ခေါင်းမော့ကြည့်လိုက်သောအခါ...
ဟိုက်ရှားပါး...
အပေါ်ပိုင်းတစ်ခုလုံးတွင် အဝတ်အစားဆိုလို့ ဘာတစ်ခုမှကပ်မနေသည့်ရှောင်းကျန့်က အောက်ပိုင်းတွင်သာဂျင်းဘောင်းဘီနက်ပြာရောင်လေးကို ချက်အောက်နားလျှောကာဝတ်ထားသောကြောင့် ချက်ဆီမှ မည်းနက်သွယ်တန်းနေသောအမွှေးတန်းတို့က ဘယ်နေရာတွင်အဆုံးသတ်မလဲဆိုတာတွေးကြည့်စရာပင်မလို...ချွတ်ကြည့်..အဲလေ..
ဒါမျိုးကိုဝမ်ရီပေါ်တို့က တွေးကြည့်ပြေးကြည့်စရာပင်မလိုပါ...ကိုယ့်လင်ကိုယ့်သားဆိုတော့ သိပြီးသားကိစ္စ၊ ထားပါတော့...
အဲ့သလို နှာခေါင်းသွေးလျှံစရာ ကိုယ်လုံးအလှကိုအားရပါးရဖော်ထားသော ရှောင်းကျန့်က Star Warထဲကလိုအလင်းချောင်းကြီးကိုလက်ထဲမှာကိုင်ကာ တဝှစ်ဝှစ်လုပ်နေပါသည်။
ဘာလဲ...တကယ်ကြီးဂြိုလ်ကမ္ဘာစစ်ပွဲကလာတော့မှာလား?
ဝမ်ရီပေါ်အယောင်ယောင်အမှားမှားနှင့် ဝရန်တာနားကပ်ကာမိုးပေါ်ကိုမော့ကြည့်တော့ ကြည်စင်ပြာလဲ့နေသောကောင်းကင်ပြင်က တာ့တာပြနေသည်။
"ကျန့်ကော၊ ဘာလုပ်နေတာလဲ"
အူကြောင်ကြောင်မျက်နှာနှင့်မေးနေသောရီပေါ်ကို ရှောင်းကျန့်ကအရှေ့ဘက်ဆီသို့တစ်ချက် မေးဆတ်ပြရင်းပြန်ဖြေလာသည်။
"ကော Douyin ရိုက်မလို့"
ရှောင်းကျန့်၏အဖြေကြောင့် ရီပေါ်၏မျက်လုံးမှာဖရဲသီးလောက်ပြူးထွက်လာပြီး ရှောင်းကျန့်အရှေ့မှာထောင်ထားသည့်ဖုန်းကိုအပြေးအလွှားသွားယူကာဖြုတ်လိုက်သည်။
"အာ...ရီပေါ် ဘာလုပ်တာလဲ"
"ကောကဗျာ၊ အဲ့လိုကိုယ်တုံးလုံးကြီးရိုက်တော့အေးမှာပေါ့၊ ဆောင်းလည်းဝင်လာပြီ၊ ဒီလောက်နှင်းတွေကျနေတာကို"
ရီပေါ်ကအခန်းထဲကိုပြေးဝင်သွားပြီး တန်းပေါ်မှာချိတ်ထားတဲ့ ခေါင်းစွတ်ဟူဒီတစ်ထည်ကိုအမြန်ယူလာပြီး အပြေးအလွှားစွတ်ပေးတော့ ရှောင်းကျန့်ကအတင်းရှောင်ကာငြင်းသည်။