"အင်း...ချမ်းတယ်"
နှဖူးပေါ်ကစိုစိစိ အေးစိမ့်စိမ့်အထိအတွေ့ကြောင့်ရီပေါ်နိုးလာကာမျက်လုံးကိုဖွင့်ကြည့်လိုက်တော့ မျက်လုံးတို့ကကျိန်းစက်နေသည်။ ထို့အပြင်လိုက်ကာဖွင့်ထားသောပြတင်းပေါက်က ထိုးနေသောနေရောင်စူးစူးကြောင့် ရီပေါ်တော်ရုံနှင့်မျက်စိမဖွင့်ရဲဖြစ်နေသည်။ ထို့ကြောင့် စိတ်ထဲရှိသမျှကစကားသံအဖြစ် အာလေးလျှာလေးထွက်ပေါ်သွားခြင်းသာ။
သေတ္တာထဲထည့်လာတဲ့တိုင်းရင်းဆေးဘူးကိုလှန်လှောရှာနေတုန်း နောက်ကျောဘက်ကထွက်လာတဲ့ခပ်အက်အက်အသံကြောင့် ရှောင်းကျန့်အမြန်လှည့်ကြည့်လိုက်သည်။
"လောင်ဝမ်၊ နိုးပြီလား"
"ဟင်၊ ကျန့်ကော"
အခုမှမျက်လုံးဖွင့်ရသွားသောရီပေါ်က ကုတင်အစွန်းနားလေးဝင်ထိုင်ကာ ရီပေါ်နဖူးပေါ်ကရေစိုဝတ်ကိုယူနေတဲ့ရှောင်းကျန့်ကို ပြူးကြောင်ကြောင်လေးကြည့်နေသည်။
ရှောင်းကျန့်ကရေစိုဝတ်ကိုစားပွဲပေါ်တင်ပြီးမှပြန်လှည့်ကာ ရီပေါ်နှဖူးကိုလက်နှင့်အသာစမ်းကြည့်နေသည်။
"အင်း ကိုယ်ပူတော့ကျသွားပြီ၊ လာ ရီပေါ် ထ၊ ကောဆန်ပြုတ်လေးပြုတ်ထားတယ်"
အခုထိမျက်လုံးလေးပြူးကာအကြောင်သားကြည့်နေတဲ့ ရီပေါ်ဆီကဘာအသံမှထပ်မထွက်လာသေးပေမယ့် ရှောင်းကျန့်ကတော့ ဆန်ပြုတ်ပန်းကန်ကိုသွားယူလာနေပြီ။
"ကောထူပေးရမလား လောင်ဝမ်"
အငွေ့တထောင်းထောင်းနှင့်ဆန်ပြုတ်ကို နှုတ်ခမ်းလေးချွန်နေအောင်စုရင်း တဖူးဖူးမှုတ်နေတဲ့ရှောင်းကျန့်ကိုတွေ့မှ ရီပေါ်သတိတို့ပြန်ဝင်လာပြီး ကုတင်ပေါ်အမြန်ထထိုင်လိုက်သည်။
"ကော နေပါဦး၊ ဘယ်လိုရောက်လာတာလဲ ဒီကို"
ရီပေါ်ဆီကအမေးစကားထွက်လာမှ ရှောင်းကျန့်ကနှုတ်ခမ်းပါးတို့ကိုလေးကိုင်းသဖွယ်ကွေးညွှတ်နေအောင်ပြုံးရင်း ဆန်ပြုတ်ပန်းကန်ကိုဇွန်းနှင့်ဖြည်းဖြည်းချင်းခလောက်နေပြီးပြောလာသည်။
"ကော မနေ့ညကရောက်တာ၊ ကောအစကလှမ်းဖုန်းဆက်ဦးမလို့ပဲ၊ ဒါပေမယ့် လောင်ဝမ်အံ့ဩသွားအောင်လုပ်ချင်တာနဲ့ဖုန်းမဆက်တော့တာ"