အပိုင်း- ၈

6.4K 404 15
                                    


" ဟေ့ကောင် လွင်ပြင် ထစမ်း အပျင်းတစ်မနေစမ်းနဲ့ ရေချိုးတော့ "

မှန်သားတို့ ရေချိုးပြီးဝင်လာသည်အထိ လွင်ပြင်က ခုတင်ပေါ်တွင် ဆန့်ဆန့်ကြီးအိပ်ပျော်နေ၏။

လက်နှစ်ဖက်ကိုလည်း ဆန့်နိုင်သမျှဆန့်ထားပြီး ခြေထောက်ကိုလည်း ကားထားသေးကာ အပီအပြင် အိပ်မောကျနေခြင်းပင်...

ညနေကြီးအိပ်နေသည့် လွင်ပြင့်ခြေထောက်ကို လှုပ်ရင်း မှန်သား နှိုးလိုက်သည်အထိ သင်းက မထသေး။

" လွင်ပြင်ရေ ဟေ့ကောင် ထတော့လေ "

အတော်ကြီး လှုပ်နှိုးမှ လွင်ပြင်က အနည်းငယ် လှုပ်ရှားလာ၏။

" အင်းပါ "
ပါးစပ်က အင်းပါပြောနေပေမဲ့ လွင်ပြင့်ပုံက ချက်ချင်းထမည့်ပုံမပေါ်...

မှန်သား အခုမှ မနက်တိုင်းလာနှိုးပေးသည့် ဒေါ်လေးမြတ်ကို ကိုယ်ချင်းစာမိ၏။

" လွင်ပြင်ရေ ထတော့ကွ ညနေဘက်ကြီးအိပ်နေရင် ဖျားနေလိမ့်မယ် ထ ထ "

ကိုယ်လုံးကို တစ်ချက်လှုပ်နှိုူးသည်အထိ မျက်လုံးမပွင့်သည့် သင်းက သူ့ကိုချော့သိပ်နေသည်များ မှတ်နေသလားမသိ...

ပက်လက်ကလေးဖြစ်နေသော အနေအထားမှ ညာဘက်ကိုအနည်းငယ်စောင်းလိုက်သည်ကလွဲပြီး ဘာမှမပြောင်းလဲ...

" မင်းကလည်း အင်းပဲ လုပ်မနေနဲ့ ထကွာ ငါထမင်းဆာတယ် ချိုင့်လည်းရောက်နေလောက်ပြီ "

ခါးကို ခပ်ဆက်ဆက်ကလေးရိုတ်ချရင်း ပြောလိုက်တော့မှ လွင်ပြင်က မပွင့်ချင်ပွင့်ချင်မျက်လုံးများဖြင့် မျက်မှောင်ကုတ်ပြီး ပြန်ကြည့်လာသည်။

မျက်နှာက မကြည်မလင် ပုတ်သိုးနေပြီး နှုတ်ခမ်းကလည်း စူချင်သလိုလို...

" ထ ထ ရေချိုးရင် လူလန်းသွားလိမ့်မယ် မြန်မြန်ချိုးပြီးပြန်လာခဲ့ ထမင်းစားရအောင်  "

ပြောပြောဆိုဆိုနှင့် လွင်ပြင့်ဘေးဆီ ဝင်ထိုင်ရင်း အတင်းဆွဲထူရသည်။

ငုတ်တုတ်အနေအထားဖြစ်သွားသည့် လွင်ပြင်က ခါးဆန့်ရင်း လက်များကိုလည်း အစွမ်းကုန်ကားကာ ဘယ်ပြန်ညာပြန် ဇက်ချိုးလိုက်သေး၏။

Cupid's Compass (Completed )Where stories live. Discover now