ရွှေလီဆိုင်အတွင်း ဝင်ရောက်လာသည့် လူကြီးလူကောင်းဆန်ဆန် ဝတ်စားပြင်ဆင်ထားကာ အသက်လေးဆယ့်ငါးအရွယ်ဟု မထင်ရလောက်အောင် နုပျိုလန်းဆန်းနေသော လူကြီးတစ်ဦး...ထင်းနေသောမျက်ခုံး၊ စူးရှရှမျက်ဝန်း၊ ထူထဲသောနှုတ်ခမ်းတို့ဖြင့် ငယ်စဉ်က အတော်ချောခဲ့ပုံပေါ်မည့် ထိုလူက ဆိုင်အတွင်းထဲဝေ့ဝဲကြည့်ကာ မှန်သားထိုင်နေသည့်ဝိုင်းဆီ ဝင်ထိုင်လာ၏။
ထိုဥပဓိကရုပ်ကို ကြည့်လိုက်သည်နှင့်ပင် ရာသက်ပန်နှင့် ဆင်တူနေသည့်အပြင် ယခင်ကလည်း မြင်ဖူးထားသည်မို့ ရာသက်ပန့်ဖခင်ဖြစ်ကြောင်း မှန်သား တန်းသိလိုက်မိသည်။
" ကြွပါ ဦး ဘာများသုံးဆောင်ပါမလဲခင်ဗျာ ကျွန်တော် တစ်ခုခုမှာပေးပါ့မယ် "
မှန်သားအပြောကို ထိုသူက ခေါင်းတစ်ချက်သာညိတ်ပြကာ ထောပတ်သီးဖျော်ရည်တစ်ခွက်ကို ကိုယ်တိုင်မှာလိုက်ပြီးနောက်မှ မှန်သားကိုခပ်အေးအေး ကြည့်လာရင်း...
" မတွေ့တာ အတော်ကြာပြီ မောင်ရင့်နာမည်က မှန်သားကြေးမုံနော် ခပ်ဆန်းဆန်းနာမည်မို့ စိတ်ထဲ မှတ်မိနေတာလေ "
" ဟုတ်ကဲ့ပါ ဦး မတွေ့တာ ဆယ်နှစ်ကျော်ပါပြီဗျ ကျွန်တော့်ကို မှတ်မိနေပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် "
ဦးစေညွှန်ရာက ထိုင်ခုံနောက်ဘက်ဆီ ခပ်လျောလျောမှီချလိုက်ရင်း အသာလက်ပိုက်လိုက်ကာ...
" ဦးအနေနဲ့က အတည်ပြုစရာလေးရှိလို့လေ သားဖြစ်သူနဲ့ မောင်ရင်က ချစ်ကြိုက်နေတယ်ဆိုတာ... "
ဦးစေညွှန်ရာက ရောက်ချင်းမဆိုင်း သူလိုရာကိစ္စဆီ အစဖော်ဆွဲထုတ်လာ၏။
မည်သို့ပင်ဖြစ်စေ မျှော်လင့်ထားပြီးသား ကိစ္စမို့ ရင်ဆိုင်ရမည်က သူ့သမိုင်းပေးတာဝန်သာ...
တရားသူကြီးမင်းရှေ့ အစစ်ခံနေရသော အမှုသည်အလား...
ကြောက်ရွံ့ရသည့် ဆရာရှေ့ စာမေးခံနေရသော ကျောင်းသားအလားပင်...
မှန်သား လက်ဖဝါးလေးများတွင်ပင် ချွေးစအချို့စို့တက်လာလျှက်...
VOUS LISEZ
Cupid's Compass (Completed )
Roman d'amourCover- edited from Google Start Date - 22.2.22 End Date- 31.12.22 အချစ်ပါ... ဖို, မပဲဆိုငင်ပြီး ဖို, ဖိုချင်း မ,မချင်း တွန်းကန်ရအောင် သံလိုက်မဟုတ်ဘူး ရူပဗေဒ သဘောတရားတွေနဲ့ ကန့်သတ်နေရအောင် Loveက magnetမှမဟုတ်တာ အချစ်လား ရေလို ထည့်တဲ့ပုံစံခွက်အတိုင်း...