အပိုင်း-၃၁

2.9K 158 9
                                    


" ကလေးတွေ လာလာ ဒါကိုလာနင်းသွားကြ "

အဆောင်ရှေ့ရှိ အထွက်လမ်းတစ်လျှောက် ခင်းထားသည့်ကန်စွန်းရွက်လမ်းကိုနင်းကာ တစ်ယောက်ချင်းစီအား နင်း၍သွားစေသည့် လူရည်ချွန်ကိုယ်ပိုင်ကျောင်း၏ founder ဆရာမအပျိုကြီး၏ မျက်နှာ၌ စိတ်ပူနေဟန်အထင်းသား...

ကန်စွန်းရွက်လမ်းကြီးကိုနင်း၍ သွားကြသည့်ကလေးများနားတွင်လည်း သပြေတစ်ခတ်စီညှပ်ထားပြီး လက်ထဲ၌လည်း mathematical set for students ဟုရေးထားသည့် ကွန်ပါဘူးနီနီနှင့် စာအုပ်များကိုကိုယ်စီကိုင်ထားကြ၏။

လူတချို့က စာအုပ်ကိုငုံ့ကြည့်လျှက်...
တချို့ကလည်း နှုတ်မှတစ်စုံတစ်ရာကို တတွတ်တွတ်ရွတ်ဆိုလျှက်...
အချို့ကဖြင့် သက်ဝင်ကိုးကွယ်ရာဘာသာအလိုက် ဆုအချို့နှင့် တရားစာအချို့ကို တဖွဖွရွတ်ဖတ်လျှက်။

ပြေးကြည့်ရန်ပင်မလို...
ထိုကလေးများကား တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေရန်သွားကြမည့် ကလေးများပင်တည်း။

" ကန်စွန်းရွက်တွေက ဘာလို့ခင်းထားတာလဲ"

အရိပ်က ရှေ့ဘက်ဆီမှ ကန်စွန်းရွက်များကို မျက်မှောင်ကုတ်ကြည့်ရင်း အထူးအဆန်းသဖွယ်ဆိုလာ၏

" ကန်စွန်းရွက်လေ ကံစွမ်းအောင်လို့ပြောကြတာပဲ
အဲ ကံဇာတာတက်အောင်ပေါ့ ကံမြှင့်လိုက်တဲ့သဘော"

အရိပ်မေးသမျှဖြေရမည့်တာဝန်ကို ယူထားရသည့်ပမာ လွင်ပြင်က ရှည်ရှည်ဝေးဝေး အဖြေပေးလိုက်သည့်အခါ အရိပ်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်းမှ

" အလကား အယူအဆတွေ "

လွင်ပြင်က အရိပ်ဆီခပ်ဆက်ဆက်ကလေး မျက်စောင်းတစ်ချက်ထိုးလိုက်ရင်း
" သူများယုံကြည်မှုကို အဲ့လိုမပြောနဲ့လေ "

" အဓိပ္ပာယ်မှမရှိတာ ငါတော့မယုံပါဘူး "

" အေးအရိပ်!"

" ဘာလဲ ဘာလဲ "

" တိတ်တိတ်နေ မင်းမယုံပေမဲ့ ယုံကြည်သူတွေကို တစ်ချက်အားနာလေ မင်းအတွက် ဘာမှမဟုတ်ပေမဲ့ အခြားသူတွေအတွက်တော့ ဒါက အားကိုးစရာကောက်ရိုးတစ်မျှင်ပဲကွ "

Cupid's Compass (Completed )Where stories live. Discover now