တို့နှစ်ယောက်ရဲ့ဘဝ ဝေးခဲ့ဖူးတယ်
မတွေ့ရတော့မှ လွမ်းမှန်းသိတယ်
ရိုးရိုးလေးပဲ တို့ချစ်ခဲ့တယ် သူငယ်ချင်းရယ်ပဲခူးရိုးမပေါ်ရှိ နယ်မြို့လေးတစ်မြို့၏ ကံကျင်းအမည်ရှိ တိုက်နယ်ဆေးရုံလေးတစ်ခုအတွင်း သီချင်းလေးတစ်ပုဒ်က ခပ်သဲ့သဲ့ပျံ့လွင့်နေလျှက်...
ဆေးပုလင်းများ၊ ဆေးစာအုပ်များဖြင့် ရှုပ်ယှက်ခတ်နေသည့် တစ်ခုတည်းသောအခန်းအတွင်းမှ တစ်ကိုယ်စာကြားရုံ ပျံ့လွင့်နေသည့်သီချင်းကို အခန်းထဲမှ တစ်ဦးတည်းသာကောင်ငယ်လေးက ခပ်တိုးတိုးလိုက်ဆိုနေ၏။
သူရောက်ကတည်းက ဖွင့်တတ်သည့်တစ်ပုဒ်တည်းသောသီချင်းလေးကပင် ယခုတိုက်နယ်ဆေးရုံအတွင်း ခပ်တိုးတိုးပျံ့လွင့်ခဲ့သည်မှာ နှစ်နှစ်ခန့်ရှိပြီဖြစ်သည်။
အနီးအနားမှ ရွာသူရွာသားများအားလုံး အလေးထားရသည့် ဤတိုက်နယ်ဆေးရုံလေး၌ လူနာ မပြတ်သော်လည်း များများစားစားမဟုတ်...
ထို့အတူ နယ်မြို့လေးဖြစ်သည့်အပြင် ဆိုးရွားသည့် လမ်းပန်းဆက်သွယ်ရေးကြောင့် ကုန်ကူးသန်းမှုနည်းပါးကာ အစားအသောက်လည်း မပေါများသော ရိုးမမှ တိုက်နယ်ဆေးရုံလေးဖြစ်၍ ဆရာဝန်၊ သူနာပြုများကလည်း များများစားစားမရှိပါလေ...
တောစပ်ပီပီ တောကောင်သား အချို့ရသည့်အခါ အသားဝယ်၍ ရတတ်သော်လည်း အများအားဖြင့် ကိုယ်တိုင်စိုက် သီးနှံများကိုသာ အားထားရ၏။
တောင်ကမူများတွင် မိုးရာသီတွင် စပါးစိုက်ခါ ဆောင်းတွင် မြေပဲနှင့် နှမ်းစိုက်သည့်ဒေသလေးဖြစ်၍ မြေပဲနှင့် နှမ်းဆီမှာ အပေါများဆုံး အရာပင်...
နွားနှင့်ဖက်ရုန်းကာ အလုပ်လုပ်ရပြီး သင့်တင့်မျှတစွာစားသောက်ရသည့် ဒေသခံများက ကိုယ်ခံအားကောင်းကာ ကျန်းမာသန်စွမ်းကြသည်သာ...
တစ်ခါတစ်ရံ တောရိပ်တောင်ရိပ်ကြောင့် ငှက်ဖျားနှင့် ထိခိုက်ဒဏ်ရာအချို့မှအပ ရောဂါကြီးကြီးမားမား မရှိတတ်ကြပါချေ...
ထို့ကြောင့်လည်း မြို့နှင့်မိုင်များစွာကွာဝေးကာ တောင်အထပ်ထပ်ဖြတ်ကျော်ရသည့် ခေါင်ခိုက်လှသောရိုးမပေါ်မှ တိုက်နယ်ဆေးရုံလေးက ငြိမ်သက်တိတ်ဆိတ်နေသည်မှာ မဆန်းပါလေတော့...
YOU ARE READING
Cupid's Compass (Completed )
RomanceCover- edited from Google Start Date - 22.2.22 End Date- 31.12.22 အချစ်ပါ... ဖို, မပဲဆိုငင်ပြီး ဖို, ဖိုချင်း မ,မချင်း တွန်းကန်ရအောင် သံလိုက်မဟုတ်ဘူး ရူပဗေဒ သဘောတရားတွေနဲ့ ကန့်သတ်နေရအောင် Loveက magnetမှမဟုတ်တာ အချစ်လား ရေလို ထည့်တဲ့ပုံစံခွက်အတိုင်း...