Episode 30

212 25 0
                                        

《 ချွမ်မျိုးရိုး၏ ရန်စခြင်းခံရသော ဦးလေးကြီးမိုင် 》

မိုင်နှင့် ချွမ်ဟွားတို့သည် သူတို့၏ ကိုယ်ပိုင်ခံစားချက်များကို ဖွင့်ဟပြီးနောက်တွင် တရားဝင်အတွဲအဖြစ် နေထိုင်ရန် ကြိုးပမ်းကြတော့သည်။ သာမန်ချစ်သူစုံတွဲတွေလို ချစ်စရာအပြုအမူများကိုလည်း ရံဖန်ရံခါဆိုသလို ပြုလုပ်ကြသည်။ လက်ချင်းချိတ်ကာ ညဖက်ပွဲတော်များကိုလည်း အချိန်ပေးသွားဖြစ်ကြသည်။တစ်ယောက်နဲ့တစ်ယောက် ပိုပြီး နီးကပ်လာစေရန် အချိန်တော်တော်များများမှာ ဆက်သွယ်ကြသည်။

မိုင်သည် သူ၏ သူငယ်ချင်း ခွန်သူရသိန်းမြင့်ကို သူ့ရဲ့ လက်ရှိချစ်သူအကြောင်းကို ပြောပြခဲ့ပြီး မိတ်ဆက်ပေးချင်ခဲ့သော်လည်း ချွမ်ဟွားက ငြင်းဆန်တာကြောင့် သူနောက်ထပ်မပြောပြတော့ပေ။ ခွန်သူရသိန်းမြင့်က မိုင်ရဲ့ နောက်ထပ်အချစ်အသစ်အတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေသော်လည်းဘာမှတော့ ထုတ်ဖော်ပြောကြားခြင်းမပြုခဲ့ပေ။ မိုင်ရဲ့ တက်ကြွနေတဲ့ ပုံစံကို သူ ဘယ်လိုများ ဖျက်ဆီးရမှာလဲ။နောက်ထပ်တစ်ကြိမ် အချစ်အတွက် ဂုဏ်ယူပါတယ်လို့သာ ဆိုလိုက်သည်။

မိုင်နဲ့ ယွီကျိုးတို့ ချစ်သူသက်တမ်းသုံးလပြည့်ခဲ့ပြီး အတူနေနေသည်ကလည်း တစ်နှစ်ကျော်လာပြီ ဖြစ်သည်။ မိုင်သည် အဆင်သင့်ပြင်ကာ ယွီကျိုးကို ပြောပြရန် ယွီကျိုး၏ ကွန်ဒိုကို မောင်းလာခဲ့သည်။ ယွီကျိုးသည် သူဂရုတစိုက်ပျိုးထောင်ခဲ့သော အပင်လေးဖြစ်၍ ယခုအချိန်တွင် မွှေးကြိုင်သော ပန်းများပွင့်လန်းနေပြီ ဖြစ်သည်။ ယွီကျိုး၏ အောင်မြင်မှုတွေအတွက် မိုင် အလွန်ကို ဝမ်းသာဂုဏ်ယူမိသည်။ အခုဆို နေရာတိုင်းမှာယွီကျိုး၏ ရုပ်ရှင်ပိုစတာများ၊ကြော်ငြာဆိုင်းဘုတ်များနှင့် သူ၏ ကလေးလေး အောင်မြင်မှုကို တွေ့နေရသည်။ အလုပ်တွေ ရှုပ်နေမည်ကို သိသောကြောင့် တမင်တကာအားလပ်ရက်ကို ရွေးကာ လာခဲ့သည်။

ချွမ်ဟွားကလည်း ယွီကျိုးအတွက် တရုတ်ရိုးရာလမုန့်များကို ပြင်ဆင်ပေးထားခဲ့သောကြောင့် ဘူးလှလှလေးနဲ့ ထည့်ကာ ယူလာခဲ့သည်။ ကားရပ်ပြီးနောက် မုန့်ဘူးကို ဆွဲရင်း ဓာတ်လှေကားထဲ ဝင်လိုက်သည်။ ယွီကျိုး၏ အခန်းဘဲလ်ကို နှိပ်ပြီး ၅ မိနစ်လောက်ကြာမှ ယွီကျိုးက တံခါးလာဖွင့်သည်။ ယွီကျိုးက မိုင်ကို ခဏလောက် ကြောင်ကြည့်နေပြီးမှ အထဲကို ဖိတ်လိုက်သည်။ အခန်းထဲမှာ ယွီကျိုး၏ ပရိသတ်တွေ ပို့ပေးထားသော လက်ဆောင်တွေ အပြည့်ဖြစ်နေသည်။ ယွီကျိုးက ဆိုဖာပေါ်က လက်ဆောင်ဘူးတွေကို ကြမ်းပြင်ပေါ်မှာ စုပုံချလိုက်သည်။

Tudo passaWhere stories live. Discover now