《 ဆောင်းရာသီက အေးခဲပြီး အထီးကျန်နေခြင်း》
နောက်တစ်နေ့၌ မိုင် နိုးလာချိန်သည် နေ့လယ်အချိန်ပင်ကျော်နေပြီ ဖြစ်သည်။ အိပ်ရာက နိုးသည်နှင့် တစ်ပြိုင်နက် သူသတိထားမိလိုက်သည်က သူ ဖျားနေပြီ ဖြစ်သည်။ တစ်ကိုယ်လုံး ညောင်းညာကိုက်ခဲနေပြီး ကိုယ်အပူချိန်ကလည်း သိသိသာသာ တက်နေသည်။ အခုချိန် သူ့အိမ်မှာက သူတစ်ယောက်ထဲ ဖြစ်သည်။ ချွမ်ဟွားကလည်း ဘယ်ရောက်နေမှန်း မသိပေ။ သူ့တူကလည်း နောက် သုံးလလောက်ကြာမှ ကုမ္ပဏီအလုပ်စချိန်မှ ပြန်လာမည် ဖြစ်သည်။ သူတစ်ယောက်ထဲ အိပ်ရာပေါ် ဆန့်ဆန့်ကြီးလှဲနေပြီး သူဘယ်သူ့ကို အကူအညီတောင်းရမယ်မှန်းမသိပေ။ ယွီကျိုးကလည်း ရုပ်ရှင်ရိုက်ဖို့အတွက် အခုလတ်တလော ကိုရီးယားကနေ ပြန်မလာသေးပေ။ Ani ကို အကူအညီတောင်းရအောင်ကလည်း အဆင်မပြေပေ။
မိုင် ရုတ်တရက်ကြီး သူ့ကိုယ်သူ အထီးကျန်လာသည်ဟု ခံစားရသည်။သူ့ဘဝရဲ့အချိန်တွေတော်တော်များများကို တခြားတစ်ယောက်ကို ပေးခဲ့သည်။ တခြားသူတွေရဲ့ ဘဝတွေ အဆင်ပြေဖို့ ကူညီနေရင်း တစ်နေ့ကျတော့ အခုလို အားနည်းဖျော့တော့စွာ အိပ်ရာက နိုးလာသည်။ ရုတ်တရက်ကြီး သူ့ဘဝက အဓိပ္ပါယ်ကင်းမဲ့နေသည်။ အခုအချိန်ထိ ရှင်သန်နေတဲ့ အကြောင်းပြချက်ကို သူတွေးမိသည်။ ဘာအကြောင်းအရာမှ ထွက်မလာခဲ့ပေ။ မိုင် အိပ်ရာက အားယူထထိုင်လိုက်သည်။ သူ ဘယ်သူ့ကိုဖုန်းဆက်ရမလဲ ဆိုပြီး အချိန်အကြာကြီး တွေးနေမိပြီး ဘယ်သူ့ကိုမှ ဆက်လို့ မဖြစ်နိုင်တော့တဲ့အခါ သူ မျက်ရည်ကျသည်အထိ အော်ရယ်နေလိုက်သည်။
မိုင် ကုတင်အောက်ကျနေတဲ့ ဖုန်းကို ကောက်ယူလိုက်သည်။ ဖုန်းခေါ်ထားတာအများကြီးကို တွေ့ရပြီး ထိပ်ဆုံးက ပေါ်နေတဲ့ ဖုန်းနံပါတ်ကို သူရင်းနှီးနေတာကြောင့် သူ ပြန်ခေါ်လိုက်သည်။ ဖုန်းက တော်တော်နဲ့ လာမကိုင်ဘဲ ကျခါနီးမှ ကိုင်သည်။ တစ်ဖက်က အမျိုးသမီး တစ်ယောက်၏ အသံကို ကြားလိုက်ရပြီးနောက်တွင် မိုင် တစ်ကိုယ်လုံးရှိ အကြောတွေ ရပ်တန့်ကုန်သည်ဟု သူထင်မိသည်။ နှစ်တွေ ဘယ်လောက်ပဲ ကြာပါစေ သူရဲ့ တစ်ဦးတည်းသော ဇနီးဟောင်း၏ အသံကို သူမေ့နိုင်ပါမလား။ ကိုင်ရန်လူရန်ဇိုက သူရဲ့ပထမဆုံး နာကျင်စွာ မုန်းတီးရသူဆို သူမက နံပါတ် ၂ ဖြစ်ပေလိမ့်မည်။ မိုင် ဖုန်းကိုင်ရင်း တိတ်ဆိတ်နေမိသည်။
YOU ARE READING
Tudo passa
خيال (فانتازيا)Name - Tudo passa Main Characters -Jack forrest (ချွမ်ဟွား) & မိုင်ဂင်္ဂါသန့် Version - Both Unicode and Zawgyi Version Chapter - 75 episodes + Quotes ကိုယ် ဒီနေ့ ဗုဒ္ဓဘုရားရ...