Unicode
"အပိုင်း-တစ်ဆယ့်သုံး"မေ့မျက်စိနား လာထိုးနေသည့် နေရောင်ကြောင့် အိပ်ယာပေါ်က ခပ်သွက်သွက်ထရင်း ရေမိုးချိုးရန် ပြင်လိုက်သည်။ ရေချိုးလို့အပြီး နံရံပေါ်ကနာရီကို တချက်ကြည့်လိုက်တော့ မနက်ေခြာက်နာရီ ထိုးပြီဖြစ်သည်။
ဒီနေ့အပြင်သွားမှာဖြစ်သည်မို့ ဘီရိုထဲက အဖြူရောင်ရင်ဖုံးလက်တိုနှင့် မိုးပြာရောင်ထမိန်ကိုသေချာထုတ်ပြီး ၀တ်လိုက်ရင်း မှန်မှာကိုယ့်ကိုကိုယ် တချက်ကြည့်လိုက်သည်။ မှန်ပေါ်မှာ ထင်ဟပ်နေသည့်ကိုယ့်ရဲ့ပုံစံကိုကြည့်ပြီး မေသိပ်သဘောမကျ။
အရင်ကပြောခဲ့ဖူးသလို မေကမြန်မာ၀တ်စုံ၀တ်ရတာကိုမကြိုက် သို့သော်...မမမြိုင်က မေ့ကိုမြန်မာ၀တ်စုံလေးနဲ့မြင်ရတာ စိတ်အေးချမ်းတယ်လို့ အမြဲပြောလေ့ရှိသည်မို့ မေ၀တ်ချင်းသာဖြစ်သည်။
ဘီရိုဘေးမှာ ချိတ်ထားသည့်ဘီးကိုယူပြီး ကျောနားလောက် ကပ်နေသည့်ဆံပင်ကိုဖီးကာ ခေါင်းစီးကြိုးတစ်ကြိုးဖြင့်ခပ်တင်းတင်း စည်းနှောင်လိုက်ပြီး စားပွဲခုံပေါ်က လွယ်အိတ်နှင့် လက်ပတ်နာရီကိုပတ်ရင်းအရင်ဆုံး ဘုရားခန်းထဲ၀င်သွားကာ ဘုရားသွားရှိခိုးလိုက်သည်။
တစ်နာရီနီးပါးကြာသော်...
မေဘုရားရှိခိုးတာ လက်စသတ်ပြီး အခန်းပြတင်းပေါက်သွားပိတ်ကာ အောက်ထပ်သို့ဆင်းလာခဲ့သည်။
အောက်ထပ်ရောက်ရောက်ခြင်း ဧည့်ခန်းထဲမှစကားသံများကြားသဖြင့် မသိမသာဝေ့ကြည့်လိုက်တော့ မေ့မိဘတွေနှင့်အတူ ထိုင်ကာစကားပြောနေသည့် မောင်နိုင်းကို မြင်လိုက်ရသဖြင့် အံ့ဩမိသွားသည်။ ထို့ကြောင့်ဖြေးဖြေးချင်းပဲ ဧည့်ခန်းထဲ၀င်သွားပြီး လွတ်နေသည့်နေရာမှာ ၀င်ထိုင်လိုက်ရင်း အမေတို့ကို နှုတ်ဆက်လိုက်သည်။
"အမေတို့ ညကကောင်းကောင်းအိပ်ပျော်တယ်မလား"
"အိပ်ပျော်ပါတယ် သမီးလေးရော ခရီးပန်းလာပြီး အပြင်ပါသွားတော့ ညဘက်ပိုအိပ်လို့ကောင်းတယ်မလား"
"ဟုတ် အပြင်ပါ တစ်ခါတည်းသွားလိုက်တော့ နည်းနည်းပင်ပန်းပြီး အိပ်ကောင်းသွားတယ်"

YOU ARE READING
မေ့ရဲ့မမမြိုင်
Romance🌼-GL FICTION-🌼 "မေ့အတွက်တော့မြိုင်ဟာ အိမ်ကလေး မြိုင့်အတွက်တော့ မေဟာပိတောက်ပန်းကလေးတဲ့" အိမ်လေးလိုနွေးထွေးတယ်။ ပိတောက်တွေလိုသစ္စာရှိတယ်။ ချစ်ခြင်းတရားတွေဟာ လှပလေတယ်။ ဒီလိုနဲ့ မမမြိုင်ရင်ထဲ ကြိုးနီလေးဟာ မြဲမြံစွာ ချည်လေတော့ ကျန်ရစ်သူေလးဟာ ပူဆွေးရ...