139

347 48 0
                                    

Chapter 139: ဒီကို လာလေ

ဇူအန်သည် ပတ်ပတ်လည်ကို အလျှင်အမြန် စစ်ဆေးကြည့်ရှုလိုက်သည်။ သူ ရောက်နေသော တောင်ကြားသည် တိုက်ခတ်နေသည့် လေက ခါတိုင်းထက် ပိုချမ်းစိမ့်ပြီး လန်းဆန်းလတ်ဆတ်နေသည့် အချက်မှအပ အခြားကွဲပြားသည့်အရာမရှိပါ။

“အားဇူ ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ” ကျီရှောင်ချီ မေးလိုက်သည်။

“အချိန်တစ်ခုထိ ဒီကနေပဲ စောင့်ကြည့်ကြရအောင်။ ကြွက်မိစ္ဆာတွေ ဒီတောင်ကြားအပေါ် တုံ့ပြန်ပုံနဲ့ ပတ်သက်ပြီး ထူးဆန်းတာတစ်ခုခုရှိတယ်” ဇူအန်သည် ဤတောင်ကြားနှင့် ပတ်သက်ပြီး မူမမှန်သည့်အရာတစ်ခုမှ ရှာမတွေ့ပါ။ သို့သော် နောက်မှနောင်တရခြင်းထက် သတိထားတာက ပိုကောင်းလိမ့်မည်ဟု သူ ထင်သည်။

ကျီရှောင်ချီ သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ သူမခါးပေါ်ရှိ အိတ်မှ ရေဘူးတစ်ခု ထုတ်ပြီး ငုံသောက်လိုက်သည်။ အဝေးကြီးပြေးလာရသည့် ခရီးစဉ်က သူမကို တကယ်မောပန်းနွမ်းနယ်သွားစေခဲ့သည်။

သူမကိုယ်သူမ ရေဓာတ်ပြန်ဖြည့်လိုက်ပြီးနောက် ရေဘူးကို လှမ်းပေးပြီး မေးလိုက်သည်။ “ရှင်ရော သောက်ချင်လား”

ဇူအန် ခေါင်းခါပြီး ပြောလိုက်သည်။ “အာ…မင်းရဲ့ရေဘူးက သေးသေးလေးကို ငါတစ်ငုံလောက်လိုက်ရုံနဲ့ ကုန်ချင်ကုန်သွားမှာ။ အဲ့အစား မင်းအတွက်ပဲ ချန်ထားလိုက်ပါ”

“စိတ်မပူပါနဲ့။ တကယ်တော့ ဒါက ကျွန်မအတွက် မှော်မျဉ်းဆရာတစ်ယောက်ကို အဖေ လုပ်ခိုင်းထားတဲ့ ပစ္စည်းတစ်ခုပါ။ သူ့အရွယ်အစားက သေးပေမယ့် ရေအများကြီး သိုလှောင်ထားနိုင်တယ်။ ဒါက ကျွန်မတို့နှစ်ယောက်အတွက် လုံလောက်အောင် များပါတယ်”

“သိုလှောင်ပစ္စည်းတစ်ခုပေါ့” ဇူအန် အထင်ကြီးသွားသည်။

ရေဘူးကို လှမ်းယူပြီး စစ်ဆေးကြည့်လိုက်သည်။ သို့သော် ခြားနားချက်တစ်ခုလေးမျှ သူ ရှာမတွေ့ပါ။ သူ အလျှင်အမြန် သောက်လိုက်သည့်အခါ အထဲ၌ ရှိနေသည့် ရေသည် မကုန်နိုင်လုနီးပါးဖြစ်နေသည်ကို သူ တွေ့ရှိသွားသည်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now