အပိုင်း (၇) လျှို့ဝှက်ဆန်းကြယ်သောနေရာတစ်ခု

61 6 0
                                    



ပြင်းထန်တဲ့ဆွဲငင်အားတစ်ခုအောက်မှာ ဇူယွမ်ရဲ့ မျက်လုံးတွေကသွေးရောင်အလင်းတွေ ဖုံးလွှမ်းသွားခဲ့ပြီး ဝဲဂယက်တစ်ခုထဲကို ရီဝေမူးယစ်စွာနဲ့ ကျရောက်သွားခဲ့ရသည်။
ကံကောင်းစွာပင် ဆွဲငင်အားက အချိန်ကြာမြင့်ခဲ့ခြင်း မရှိပေ။ ဇူယွမ်ရဲ့ခန္ဓာကိုယ်က လေထဲမှာ လွင့်မျောနေခဲ့ပြီး သူ့အပေါ်ကို ကြီးမားတဲ့ဖိအားတစ်ခု ကျဆင်းလာတာကို ခံစားလိုက်ရသည်။
ဘန်း!
ဇူယွမ်ရဲ့ ခန္ဓာကိုယ်က မြေပြင်ပေါ်ကို အရှိန်ပြင်းစွာပြုတ်ကျသွားခဲ့ပြီး ဖုန်မှုန့်တွေက သူ့ပါးစပ်ထဲအပြည့် ဝင်ရောက်သွားခဲ့သည်။ သို့ပေမယ့်လည်း ဇူယွမ်ကဉာဏ်ကောင်းသည့် လူငယ်တစ်ယောက်ပင်ဖြစ်သည်။ သူပြုတ်ကျသွားတဲ့အခါ နာကျင်မှုအား ရှောင်လွှဲနိုင်ဖို့ရန်အတွက် သူ့ရဲ့ခန္ဓာကိုယ်ကို အရင်ပြုတ်ကျတဲ့နေရာကနေ ဝေးကွာတဲ့နေရာ ရောက်တဲ့အထိအောင် မြေပြင်ပေါ်မှာ လျှင်မြန်စွာလှိမ့်ချခဲ့လိုက်သည်။
တစ်ချိန်တည်းမှာ သတ္တုအရေပြားမှော်စာလုံးကို အချိန်မရွေးအသုံးပြုနိုင်အောင် သူ့ရဲ့လက်ထဲမှာ လျှင်မြန်စွာထုတ်ယူလိုက်ပြီး အသင့်ပြင်ဆင်ထားခဲ့သည်။
ကံကောင်းစွာပဲ သူမျှော်လင့်ထားသလို ချောင်းမြောင်းတိုက်ခိုက်မှုက ရောက်ရှိမလာခဲ့တဲ့အတွက် ဇူယွမ်ရဲ့ခန္ဓာကိုယ်က လက်ရှိအချိန်မှာ တဖြည်းဖြည်းနဲ့ သက်တောင့်သက်သာဖြစ်လာခဲ့သည်။
“ဒါက…”
ဇူယွမ်မျက်လုံးပြူးကျယ်သွားကာ သူ့ရဲ့ပတ်ပတ်လည်ကို ကြည့်လိုက်မိသည်။ လိုဏ်ဂူ ပျောက်ကွယ်သွားသည်မှာ အချိန်အတော်ကြာသွားခဲ့ပြီဖြစ်ပြီး လက်ရှိသူက ငြိမ်သက်တိတ်ဆိတ်ကာ အေးချမ်းတဲ့ရှေးဟောင်းသစ်တောတစ်ခုအတွင်းကို ရောက်ရှိနေပေသည်။ ကြီးမားတဲ့သစ်ပင်ကြီးတွေက ကောင်းကင်ထိတိုင်အောင်ထိုးဖောက်ထွက်နေပြီး အုံ့ဆိုင်းနေတဲ့ သစ်ရွက်တွေကလည်း ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့မတတ်ပင်။
တောအုပ်ရဲ့ ဘေးဘက်ကနေ ရေစီးဆင်းနေတဲ့အသံတွေ ထွက်ပေါ်နေလျက်ရှိပြီး ဒါကသာယာအေးချမ်းမှုကို ပေးစွမ်းပေသည်။
“ဒီနေရာက ဘာလဲ…” ဇူယွမ်ဝေခွဲမရအောင် ဖြစ်သွားခဲ့သည်။ အစောပိုင်းအချိန်တုန်းက သူဟာ အဆောက်အဦထဲက လျှို့ဝှက်တဲ့လိုဏ်ဂူထဲမှာ ရှိနေခဲ့သည်ကို သတိရသွားခဲ့သည်။ ဒါဆို မျက်စိတစ်မှိတ်အချိန်လေးအတွင်းမှာကိုပဲ သူကဒီနေရာကို ဘယ်လိုရောက်လာရ တာလဲ?
“ထူးဆန်းတယ်…” ဇူယွမ်သက်ပြင်းချလိုက်ပြီး သူ့ရဲ့ပတ်ပတ်လည်ကို စတင်လေ့လာလိုက်သည်။ ဒီနယ်မြေက ကြီးမြတ်တဲ့ကံကြမ္မာဖြစ်နိုင်မလား?
“ဒါပေမဲ့ ဒီနေရာမှာ လူတွေရဲ့အရိပ်အယောင်ကိုလည်း မတွေ့ရဘူး…” ဇူယွမ်ရေရွတ်လိုက်မိသည်။ သူကရှေ့နဲ့နောက်ကို လှည့်ပတ်ရှာဖွေလျက်ရှိရာမှ တစ်နေရာကိုရောက်သည့်အခါ သူ့ရဲ့မျက်နှာက သရဲတစ်ကောင်ကိုမြင်လိုက်ရသည့်အလား အေးစက်သွားခဲ့ရသည်။
ဒါက သူ့ရဲ့ရှေ့မှာရှိသည့် ကြီးမားတဲ့သစ်ပင်ကြီးတစ်ပင်အောက်မှာ ဘယ်အချိန်ကတည်းက ပေါ်လာမှန်းမသိခဲ့တဲ့ လှပတဲ့ပုံရိပ်တစ်ခုကြောင့်ပင် ဖြစ်သည်။
အတိအကျပြောရမယ်ဆိုရင် ၎င်းပုံရိပ်က အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းခလေးတစ်ယောက်ပင် ဖြစ်ပေသည်။ သူမရဲ့ခန္ဓာကိုယ်က သေးသွယ်ပြီး သူမရဲ့နောက်ကျောကို သစ်ပင်ရဲ့ပင်စည်မှာ မှီထားလျက်ကပင် တောက်ပတဲ့မျက်လုံးတစ်စုံနဲ့ သူ့ကိုစူးစိုက် ကြည့်နေလျက်ရှိသည်။
ဇူယွမ်ရဲ့အကြည့်တွေက သူမရဲ့အကြည့်နဲ့ဆုံမိသွားသည့်အခါ မဖော်ပြနိုင်လောက်တဲ့ လေးလံထိုင်းမှိုင်းသွားမှုမျိုးကို သူ့ရဲ့ခေါင်းထဲမှာ ခံစားလိုက်ရသည်။
သို့ပေမယ့်လည်း ဇူယွမ်ရဲ့စိတ်က အရင်အခြေအနေအတိုင်း ပြန်လည်ကောင်းမွန်သွားခဲ့ပြီး သူ့ကိုယ်သူလည်း လျှင်မြန်စွာထိန်းချုပ်နိုင်ခဲ့လိုက်သည်။ သူ့ရဲ့နုနယ်တဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ခုထွက်ပေါ်လာခဲ့ပြီး အတတ်နိုင်ဆုံး သူအန္တရာယ်ကင်းနိုင်ဖို့အတွက် လက်နှစ် ဖက်ကို ဆုပ်ကိုင်လိုက်ရင်းပြောလိုက်သည်။ “အစ်မကြီး… ဒါကဘယ်နေရာလဲဆိုတာကို ကျွန်တော်သိခွင့်ရှိနိုင်မလား?... ကျွန်တော့်နာမည်က ဇူယွမ်လို့ခေါ်ပြီးတော့ ကျွန်တော်က ဒီနေရာကို ကျူးကျော်ဝင်ရောက်လာတာ မဟုတ်ပါဘူး… တကယ်လို့ ကျွန်တော်စော်ကားတဲ့ အပြုအမူမျိုးပြုလုပ်မိခဲ့ရင် ကျေးဇူးပြုပြီးကျွန်တော့်ကို ခွင့်လွှတ်ပေးပါ…”
သူ့ရဲ့ရှေ့မှာရှိတဲ့ မိန်းခလေးက သူနဲ့အသက်အတူတူလောက်ပင် ရှိပေလိမ့်မည်။ ဒါပေမယ့်လည်း ဒီအချိန်မှာ နည်းနည်းယဉ်ကျေးမှုရှိတာက ဆိုးရွားတဲ့အရာတစ်ခုမဟုတ်နိုင်ပါဘူး။
သို့ပေမယ့်လည်း အစိမ်းရောင်ဝတ်စုံနဲ့ ထူးဆန်းတဲ့မိန်းခလေးက ဇူယွမ်ရဲ့ရိုသေလေးစားစွာ ပြုမူပြောဆိုနေမှုကို ဂရုပြုမိပုံပင်မရှိပေ။ သူမရဲ့သေးသွယ်တဲ့ လက်ကလေးနဲ့ သူမနဖူးပေါ်ဝဲကျနေတဲ့ ဆံနွယ်စတွေကို အနောက်ဘက်ကိုပြန်သိမ်းယူလိုက်ပြီး ဇူယွမ့်ဆီကို လျှောက်လှမ်းလာခဲ့သည်။
သစ်ပင်အရိပ်အောက်ကနေ သူမထွက်ပေါ်လာသည့်အခါ အလင်းရောင်က သူမခန္ဓာကိုယ်ပေါ်ကို ချက်ချင်းဖျန်းပက်ကျရောက်လာခဲ့သည်။ သူမက တဖြည်းဖြည်းနီးကပ်လာခဲ့ပြီး နောက်ဆုံးဇူယွမ်က သူမကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရသည့်အခါ သူ့ရဲ့မျက်လုံးထဲမှာ အံ့အားသင့်မှုတွေက ထိန်းချုပ်မရနိုင်လောက်အောင် ထွက်ပေါ်လာခဲ့သည်။
မိန်းခလေးရဲ့ အသားအရေက နှင်းကဲ့သို့ဖြူးဖွေးနေပြီး သူမရဲ့ရှည်လျားတဲ့အနက်ရောင် ဆံပင်တွေကို ချည်နှောင်ထားကာ ရိုးရှင်းတဲ့အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားလျက်ရှိသည်။ သူမရဲ့ဟန်ပန်က အင်မတန်မှကို နူးညံ့သိမ်မွေ့လှပေသည်။ ဒါ့အပြင်ကို သူမရဲ့ တောက်ပတဲ့မျက်ဝန်းတွေထဲမှာလည်း မခန့်မှန်းနိုင်လောက်အောင် လျှို့ဝှက်ဆန်းကြယ်တဲ့ အငွေ့အသက်တွေပါဝင်နေသည်။
ဒီအချိန်အတောအတွင်းမှာ မိန်းခလေးက မြင့်မားတဲ့ရှေးဟောင်းသစ်ပင်တွေကို နောက်ခံထားကာ နေရဲ့အလင်းရောင်ကို ဆန့်ကျင်လျက်ဆက်လက်လျှောက်လှမ်းလာနေသည်။ နူးညံ့သိမ်မွေ့တဲ့ လေပြေညှင်းလေးတွေတိုက်ခတ်နေမှုကြောင့် သူမရဲ့ဝတ်စုံအနားစတွေက လှုပ်ရမ်းနေလျက်ရှိကြပြီး သူမရဲ့မျက်ခုံးနှစ်ခုကြားထဲက ရှေးကျတဲ့မှော်စာလုံးတွေကို ရိပ်ခနဲမြင်တွေ့လိုက်ရပြီး ဒီမြင်ကွင်းက ဖော်မပြနိုင်လောက်တဲ့ လျှို့ဝှက်ဆန်းကြယ်မှုကို ပေးစွမ်းနိုင်စွမ်းရှိပေသည်။ ဒီမြင်ကွင်းက အရမ်းကိုလှပကာ အချိန်အတော်ကြာအောင် ဇူယွမ့်ကို အသက်ရှူမှားသွားစေခဲ့သည်။
“အစ်မကြီး…” ဇူယွမ်ပြုံးပြလိုက်သည်။ ဒီမြင်ကွင်းက အသက်ရှုရပ်တန့်သွားစေနိုင်ပေမယ့်လည်း သူ့မှာသတိအနည်းငယ်ရှိနေသေးသည်။ နောက်ဆုံးမှာ ဒီထူးခြားတဲ့မိန်းခလေး နဲ့ လက်ရှိပတ်ဝန်းကျင်နှစ်ခုစလုံးကို သူ့အနေနဲ့ နားလည်နိုင်ခြင်းမရှိခဲ့ပေ။
“အစ်မကြီးတဲ့လား?” ဇူယွမ်သူမကို အစ်မကြီးလို့ခေါ်တာကို ကြားလိုက်ရတဲ့အခါ အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားတဲ့မိန်းခလေးရဲ့ နှုတ်ခမ်းတွေတွန့်ကွေးသွားခဲ့ပြီး ရယ်ရွှင်ဖွယ်အမူအယာဖြစ်ပေါ်လာခဲ့သည်။
သူမက ဇူယွမ့်ကို အချိန်အနည်းငယ်ကြာသည်အထိ စိုက်ကြည့်နေခဲ့ပြီး တိုးညှင်းစွာပြော လိုက်မိသည်။ “အဖိုးဟေးက ဒီနေ့ဒီနေရာကို တစ်ယောက်ယောက်ရောက်လာမယ်လို့ ပြောခဲ့တာ မှန်သားပဲ…”
“ဘာလဲ?” ဇူယွမ်အနေနဲ့ သူမပြောခဲ့တဲ့စကားကို လုံးဝနားမလည်နိုင်ခဲ့ပေ။
သို့ပေမယ့်လည်း အစိမ်းရောင်မိန်းခလေးက သူ့ကိုလျစ်လျူရှုထားခဲ့သည်။ သူမက နောက်ပြန်လှည့်သွားခဲ့ပြီး ရှေးဟောင်းတောအုပ်ဆီကို ဦးတည်ကာလျှောက်လှမ်းသွားခဲ့ရင်း ရှေ့မှာရှိတဲ့ကြီးမားတဲ့သစ်ပင်ကြီးတစ်ပင်ကို ကျော်ဖြတ်သွားခဲ့ရင်း မိန်းခလေးက လှမ်းခေါ်လိုက်သည်။
“ထန်ထန်… အိမ်ပြန်ဖို့ အချိန်ကျပြီ…”
အစိမ်းရောင်ဝတ်မိန်းခလေးရဲ့ ခေါ်သံကြားလိုက်ရတဲ့အခါ ချက်ချင်းပဲ ဇူယွမ်ကကြီးမားတဲ့ သစ်ပင်ကြီးအောက်မှာ လဲလျောင်းနေတဲ့ မီးခိုးရောင်ပုံရိပ်လေးတစ်ခုကို ရှာတွေ့လိုက်သည်။ ထိုသေးငယ်တဲ့ ပုံရိပ်လေးက သာမန်ခွေးသေးသေးလေးတစ်ကောင်နှင့် တူပေ သည်။
“ခွေးလေးတစ်ကောင်လား?” ဇူယွမ်ရေရွတ်လိုက်မိသည်။
ဝုတ် ဝုတ်!
ဇူယွမ်ရဲ့ ရေရွတ်သံကို ကြားလိုက်ရတဲ့အခါ သေးငယ်တဲ့အကောင်လေးရဲ့ အမွှေးတွေက ချက်ချင်းထောင်မတ်လာခဲ့ပြီး သူ့ကိုလှမ်းဟောင်လိုက်သည်။ ဒါပေမယ့်လည်း သူ့ရဲ့ခန္ဓာကိုယ်က အရမ်းကိုသေးငယ်တဲ့အပြင် သူဟောင်လိုက်တဲ့အခါမှာလည်း ဖျက်စီးနိုင်တဲ့စွမ်းအားအနည်းငယ်မျှ မပါဝင်ခဲ့ဘဲ အဲ့ဒီအစားသူ့ရဲ့ပုံစံက ချစ်စရာပင် ကောင်းနေပေသည်။
သေးငယ်တဲ့ပုံရိပ်လေးက သူ့ရဲ့ဟောင်သံဟာ ဇူယွမ့်ကို မခြိမ်းခြောက်နိုင်ဘူးဆိုတာ သိပုံရလေသည်။ ထို့နောက်မှာ သူ့ရဲ့အမြီးကို ဆန့်တန်းလိုက်ပြီး အရှေ့တွင်ရှိသည့်ကျောက်တုံးတစ်ခုပေါ် ခုန်တက်သွားခဲ့ကာ သူ့ရဲ့ပါးစပ်ကိုဖွင့်လိုက်ပြီး ကြောက်စရာကောင်းလောက်အောင်ပင် ကိုက်ချလိုက်သည်။
ဂျွတ် ဂျွတ်!
ဒီလိုလျှင်မြန်စွာနဲ့ အဆက်မပြတ်ဝါးစားခံနေရတဲ့နောက်မှာ ကျောက်တုံးက တဖြည်းဖြည်း သေးငယ်သွားတာကို သူ့အနေနဲ့ကြည့်နေရုံသာတတ်နိုင်ခဲ့သည်။ အသက်ရှုချိန်အနည်းငယ် အတွင်းမှာပဲ ကျောက်တုံးက လုံးဝကိုပျောက်ကွယ်သွားခဲ့ရသည်။ မာကျောလှတဲ့ ကျောက်ခဲအပိုင်းအစတွေအားလုံးဟာလည်း အကောင်လေးရဲ့ သေးငယ်တဲ့အစာအိမ်ထဲ ရောက်အောင် ဝါးမျိုခြင်းခံခဲ့ရသည်။
ဇူယွမ်က တိတ်တဆိတ်ပင့်သက်ရှိုက်လိုက်မိပြီး သူ့ရဲ့အမူအယာကတော့ ပြောင်းလဲသွားခြင်းမရှိခဲ့ချေ။ သူကဒီသေးငယ်တဲ့ ခွေးလေးကိုကြည့်လိုက်ပြီး အနည်းငယ်တော့ အံ့အားသင့်သွားခဲ့ရသည်။ ဒီဟာကဘယ်လိုအရာမျိုးလဲ? ဒီလိုကြီးမားတဲ့ကျောက်တုံးကို အနည်းငယ်သာကိုက်ပြီး ဝါးမျိုသွားနိုင်လိမ့်မယ်လို့ ဘယ်လိုထင်မိမှာလဲ။
သွားတွေကဘယ်လောက်တောင် သန်မာပြီး ဘယ်လောက်တောင် ဗိုက်ဆာနေလည်းမသိဘူး!
ဇူယွမ်က ဒီသေးငယ်တဲ့သတ္တဝါလေးကို အချိန်အတော်ကြာအောင်စိုက်ကြည့်နေခဲ့မိကာ သူ့ရဲ့ခေါင်းက အေးစက်တဲ့ချွေးတွေကို သုတ်ပစ်လိုက်မိသည်။ သူ့ရဲ့သွားတွေက ကျောက်တုံးကို လွယ်လွယ်နဲ့ဝါးမျိုနိုင်ပေမယ့်လည်း သေးငယ်တဲ့ခန္ဓာကိုယ်က ဒါကိုရင်ဆိုင်နိုင်ဖို့ ဘယ်လိုမျှော်လင့်ရမှာလဲ?
ဒါ့ကြောင့်သူ့ကို ထန်ထန်လို့ခေါ်တာကို မအံ့သြမိတော့ပေ။ (စာကြွင်း - ထန်ထန်ဆိုတာ ဝါးမျိုခြင်း (သို့) အငမ်းမရစားခြင်းကို ဆိုလိုပေသည်။)
ဇူယွမ်ရဲ့ မျက်နှာပေါ်မှာ တုန်လှုပ်သွားတာကိုမြင်လိုက်ရတဲ့အခါ ထန်ထန်လို့ခေါ်တဲ့ သေးငယ်တဲ့ အကောင်လေးက သူ့ရဲ့အမြီးကို ပျော်ရွှင်စွာနဲ့ လှုပ်ရမ်းလိုက်သည်။ ၎င်းရဲ့ မျက်လုံးတွေက လူတစ်ယောက်ပုံစံအတိုင်း သူ့ကိုစိုက်ကြည့်နေခဲ့သည်။ အစိမ်းရောင်ဝတ်မိန်းခလေးက သူ့ကိုဖမ်းမယူခင်အထိ သူ့ရဲ့အမြီးတွေကိုလှုပ်ရမ်းနေလျက်ပင်ရှိလေသည်။
အစိမ်းရောင်ဝတ်မိန်းခလေးက တောအုပ်အတွင်းကို လျှောက်လှမ်းသွားနေရင်းမှ သူမရဲ့ခေါင်းကို နောက်မှာရှိတဲ့ ဇူယွမ့်ဘက်ကို အနည်းငယ်စောင်းကြည့်လိုက်ရင်း သူမရဲ့နှင်းလိုဖြူဖွေးတဲ့ မေးစေ့လေးကို ဖြည်းညှင်းစွာမော့ကာ ပြောလိုက်သည်။
“တကယ်လို့ နင်ကနင့်ရဲ့ ကံကြမ္မာကို ရှာချင်တယ်ဆိုရင် နောက်ကနေလိုက်လာခဲ့…”
စကားပြောပြီးပြီးချင်းပဲ သူမကတောအုပ်ထဲကို လမ်းလျှောက်ဝင်သွားခဲ့ကာ သူမရဲ့လှပတဲ့ပုံရိပ်က သစ်ပင်တွေကြားထဲမှာ လျှင်မြန်စွာပျောက်ကွယ်သွားခဲ့သည်။
ဇူယွမ်ရဲ့ မျက်နှာက စဉ်းစားနေတဲ့ပုံပေါ်ပြီး သူကအစိမ်းရောင်ဝတ်မိန်းခလေးနဲ့ ခွေးလေးတို့ တဖြည်းဖြည်းသေးငယ်ပျောက်ကွယ်သွားတာကို ကြည့်နေမိခဲ့သည်။ ဒီအရာအားလုံးက လွန်စွာထူးဆန်းလှပေသည်။ ရှေးဟောင်းအဆောက်အဦးရဲ့ လျှို့ဝှက်လိုဏ်ခေါင်းထဲမှာ ရှိတဲ့ ကျောက်တုံးစင်မြင့်ပေါ်ကနေ ဒီမရင်းနှီးတဲ့နေရာကို ဘယ်လိုရောက်လာခဲ့လဲဆိုတာကို သူ့အနေနဲ့ လုံးဝနားမလည်နိုင်ပေ။
ဒါပေမယ့်လည်း သူကဒီနေရာကိုရောက်ရှိနေပြီးဖြစ်ကာ ပြန်ထွက်လို့မရနိုင်ဘူးဆိုတာ သေချာပေသည်။ သူ့အနေနဲ့ လက်ဗလာဖြင့်ပြန်သွားဖို့လည်း အစီအစဉ်မရှိပေ။
ဟူး…
ဇူယွမ် အသက်ကိုပြင်းစွာရှုလိုက်မိသည်။ သူ့အနေနဲ့နောက်ထပ်တွေဝေတုံ့ဆိုင်းခြင်း အလျဉ်းမရှိဘဲ သူ့ရဲ့ခြေလှမ်းကိုစတင်လိုက်ကာ မိန်းခလေးနဲ့ သေးငယ်တဲ့သတ္တဝါလေးတို့နောက်ကို လျှင်မြန်စွာပဲလိုက်ပါသွားခဲ့သည်။
ရှေးဟောင်းသစ်တောကြီးအတွင်းမှာ လူငယ်လေးတစ်ယောက်၊ မိန်းခလေးတစ်ယောက်နဲ့ ခွေးလေးတစ်ကောင်တို့ ခရီးဆက်နေလျက်ရှိကြသည်။ အချိန်တိုင်း အချိန်တိုင်း ဝေးကွာတဲ့နေရာကနေ သားရဲတွေရဲ့ကြောက်စရာကောင်းတဲ့ အော်သံတွေကိုလည်း ကြားနေရပေသည်။ ဒါပေမဲ့ဒီလိုကြားရတဲ့အချိန်တိုင်းမှာ အစိမ်းရောင်ဝတ်စုံနဲ့မိန်းကလေးရဲ့ဘေးမှာရှိတဲ့ ခွေးလေးက တစ်ချက်သာပြန်ဟောင်ခဲ့သည်။ ဟောင်သံကမကျယ်လောင်ပေမဲ့လည်း သူတို့တွေက ဒီအကောင်လေးကို ကြောက်ရွံ့နေသကဲ့သို့ တောအုပ်တစ်ခုလုံးက ငြိမ်သက် တိတ်ဆိတ်သွားခဲ့ရသည်။
ဇူယွမ်အကူအညီမဲ့စွာနဲ့ ဒီထူးဆန်းတဲ့အကောင်လေးကို နောက်တစ်ကြိမ်ထပ်ကြည့်လိုက်မိသည်။ ဒီသေးငယ်တဲ့ မီးခိုးရောင်ခွေးလေးက အလွန်ထူးခြားလှပေသည်။
အစိမ်းရောင်ဝတ်မိန်းခလေးက ဇူယွမ်နဲ့စကားမပြောချင်ဘူးဆိုတာ သိသာပေသည်။ ဒါကြောင့်ပင် ဇူယွမ်ကတိတ်တဆိတ်နဲ့သာ အနောက်မှနီးကပ်စွာလိုက်ပါလာခဲ့သည်။
သူတို့တွေ ဒီလိုမျိုးတစ်နာရီလောက်ဆက်လျှောက်ပြီးတဲ့အခါ နောက်ဆုံးဇူယွမ်က မိန်းခလေးရဲ့ခြေလှမ်းတွေ ရပ်တန့်သွားသည်ကို ဂရုပြုမိခဲ့သည်။
“ငါတို့ရောက်ပီ…”
မိန်းခလေးရဲ့ အသံကအရှေ့မှထွက်ပေါ်လာခဲ့သည်။ ဇူယွမ်ရဲ့နှလုံးက အနည်းငယ်လှုပ်ရှားသွားခဲ့ကာ သူ့ရဲ့ခေါင်းကိုမော့လိုက်ပြီး အလှစိုက်ထားတဲ့ တောအုပ်လေးဆီ စိုက်ကြည့်လိုက်မိသည်။ တောအုပ်လေးထဲက ရှင်းလင်းတဲ့နေရာတစ်ခုမှာ အိမ်ကလေးတစ်လုံး ငြိမ်သက်စွာ တည်ရှိနေပေသည်။
အိမ်လေးရဲ့ပတ်ပတ်လည်မှာ ခြံစည်းရိုးသုံးဖက် ကာရံထားရှိပေသည်။ အိမ်ရဲ့အရှေ့ဘက်က ကျောက်တုံးပေါ်မှာ ကျောမှီလဲလျောင်းကာ ငြိမ်သက်စွာအနားယူနေသည့် အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုကို မြင်လိုက်ရသည့်အခါ ဇူယွမ်ရဲ့အကြည့်တွေက နောက်ဆုံးရပ် တန့်သွားခဲ့ရသည်။
သူကလည်းဇူယွမ်ရဲ့ အကြည့်တွေကို ခံစားမိသွားသည့်အလား သူ့ရဲ့မျက်လုံးတွေကို ဖွင့်လိုက်ကာ ဇူယွမ့်ကိုကြည့်လိုက်သည်။
အဖိုးအိုရဲ့ မျက်လုံးတွေကို မြင်လိုက်ရသည့်အခါ ဇူယွမ်ရဲ့နှလုံးက အနည်းငယ်တုန်လှုပ်သွားခဲ့ရသည်။ ထိုမျက်လုံးတွေက မရေမတွက်နိုင်သော အတွေ့အကြုံတွေနဲ့ပြည့်နှက်နေသည့်အပြင် မဖော်ပြနိုင်လောက်သော ရှေးဆန်မှုတွေကလည်း ဖုံးလွှမ်းနေလျက် ရှိပေသည်။
အဲ့ဒီအချိန်မှာ ဇူယွမ်က အဖိုးအိုထံမှ လွန်စွာကြီးမားသည့်အရှိန်အဝါတွေကို ခံစားမိပေသည်။
သို့ပေမယ့် သူတို့တွေ အကြည့်ချင်းဆုံသွားသည့်အခိုက်တွင် ဇူယွမ်ကသူ့ခန္ဓာကိုယ်တစ်ခုလုံး ထွင်းဖောက်ခံလိုက်ရသည့်အလား ခံစားလိုက်ရပြီး သူ့ရဲ့လျှို့ဝှက်ချက်တွေအားလုံးကို သိရှိသွားသကဲ့သို့ အဖိုးအို၏မျက်လုံးထဲတွင် ထင်ဟပ်လာခဲ့သည်။
“ဟီးဟီး…မြင့်မြတ်တဲ့နဂါးရဲ့ကောင်းချီးပေးမှုကို ခံခဲ့ရတဲ့လူငယ်လေးက တကယ်ကို ရောက်လာခဲ့တာပဲ…” တိုးညှင်းတဲ့အသံတစ်ခုကို ကြားလိုက်ရပြီး အနက်ရောင်ဝတ်စုံဝတ် အဖိုးအိုကလည်း သူ့ရဲ့အကြည့်ကို ဖြည်းညှင်းစွာ ရှောင်လွှဲသွားခဲ့သည်။ သို့ပေမယ့်လည်း ဒီစကားသံက ဇူယွမ်ရဲ့နားထဲမှာ မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားလိုက်ရသည်။
“ဒါပေမယ့်လည်း ဒါကသနားစရာကောင်းလောက်အောင်ကို မြင့်မြတ်တဲ့ကောင်းချီးပေးမှုက ခိုးယူခံလိုက်ရပြီး မြင့်မြတ်တဲ့နဂါးရဲ့ အခြေခံအုတ်မြစ်တောင်မှ ဖျက်စီးခံခဲ့ရတယ်… အိုး… ဒါကနဂါးဒေါသအဆိပ်လား?”
“ဝမ်းနည်းစရာကောင်းတယ်… ဒါက တကယ့်ကို ဝမ်းနည်းစရာကောင်းတာပဲ…”

နဂါးမင်းသား၏ကံကြမ္မာWhere stories live. Discover now