အပိုင်း(၃၄) ကျောက်စိမ်းဝိညာဉ်ရေတံခွန်ပြဿနာ

32 7 0
                                    

ဇူယွမ်၊ ယောင်ယောင်၊ စုယုဝေနဲ့ ကျန်တဲ့ပါရမီရှင်အတန်းက ကျောင်းသားတွေ ကျောက်စိမ်းဝိညာဉ်ရေတံခွန်ကို အပြေးအလွှား ရောက်ရှိသွားခဲ့တဲ့အချိန်မှာ ရေတံခွန်ပတ်လည်မှာ လူတွေနဲ့ပြည့်နှက်နေသည်ကို တွေ့ခဲ့လိုက်ရသည်။ တော်ဝင်ဇူကျောင်းတော်ရှိ အတန်းငါးတန်းမှ ကျောင်းသားတွေအားလုံး ဒီနေရာမှာ လာရောက်စုစည်းနေခဲ့ကြပြီဖြစ်သည်။ ဒီအချိန်မှာ နေရာတစ်ခုလုံးက ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးတစ်လုံးအလား ဆူညံသံတွေ စိတ်လှုပ်ရှားမှုတွေနဲ့ ပျာပန်းခပ်မျှ လှုပ်ရှားနေလျက်ရှိပေသည်။

ဇူယွမ်တို့အုပ်စုက လူအုပ်ကြီးကို ဖြတ်ကျော်လျက် အလယ်ကိုရောက်ရှိလာခဲ့သည်။ သူတို့တွေလှမ်းကြည့်လိုက်သည့်အခါ ရှေ့ဆုံးမှာ အလွန်အမင်းဒေါသထွက်နေသည့်မျက်နှာဖြင့် ချူထျန်းယန်နဲ့ ရှုဟောင်တို့ရပ်နေသည်ကို တွေ့လိုက်ရသည်။

ရှုဟောင်ရဲ့နောက်မှာတော့ ချီယွဲ့နဲ့ လျှိုစီတို့ ရပ်နေလျက်ရှိသည်။

ချီယွဲ့က ဇူယွမ်ရောက်လာတာကို မြင်လိုက်ရသည့်အခါ သူ့ထံမှ အပြုံးတစ်ခု ထွက်ပေါ်လာခဲ့ရသည်။ သို့ပေမဲ့လည်း သူ့အပြုံးက ဆော့ကစားလိုတဲ့ခံစားချက်တစ်ခု ပါဝင်နေပေသည်။

ချူထျန်းယန်လည်း ဇူယွမ်ရောက်လာတာကို မြင်ခဲ့ပေမဲ့ ဘာတစ်ခုမျှပြောခဲ့ခြင်းမရှိပေ။ သူက ရှုဟောင်ကို ဒေါသထွက်နေသည့်မျက်နှာဖြင့် စိုက်ကြည့်လိုက်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ရင်းမှ အေးစက်တဲ့လေသံဖြင့်ပြောလိုက်သည်... "ရှုဟောင်... မင်းက တရားလွန်မလာနဲ့... ကျောက်စိမ်းဝိညာဉ်ရေတံခွန်ရဲ့ အချိန်ခွဲဝေသတ်မှတ်မှုက အရင်ကတည်းက ဆုံးဖြတ်ခဲ့တာ... ဒါကို ငါတို့က စိတ်ကူးပေါက်ရာပြောင်းလဲဖို့ ဘယ်လိုဖြစ်နိုင်မှာလဲ..."

"ဟီဟီ... ကျောင်းအုပ်ချူက ဘာပြောနေတာလဲ... ကျောက်စိမ်းဝိညာဉ်ရေတံခွန်က ငါတို့တော်ဝင်ဇူကျောင်းတော်မှာ အရေးကြီးဆုံး တန်ခိုးကျင့်ရာနယ်မြေတစ်ခုဖြစ်ပြီးတော့ ဖြစ်နိုင်ရင် ငါတို့ကလည်း ဒီမှာလေ့ကျင့်ဖို့အတွက် အချိန်ကို ညီတူညီမျှရလိုကြတယ်..."

နဂါးမင်းသား၏ကံကြမ္မာWhere stories live. Discover now