ဇူယွမ်ခေါင်းညိတ်ပြသည်ကို မြင်လိုက်ရသည့်အခါ ဝေကန်းလန်နှင့်ဝေချင်းချင်းတို့ရဲ့မျက်နှာထက်မှာ ကျေးဇူးတင်မှုတွေ ထွက်ပေါ်လာခဲ့ရသည်။သူတို့အနေဖြင့် ဇူယွမ်တစ်ယောက် နတ်ဆိုးမြူအဆိပ်ကို ဖယ်ရှားရှင်းလင်းနိုင်စွမ်းရှိလိမ့်မည်လို့ အနည်းငယ်မယုံမကြည်ဖြစ်မိပေမဲ့လည်း သူတို့မှာရွေးချယ်စရာမရှိတော့သည့်အတွက် ဒီနောက်ဆုံးကောက်ရိုးတစ်မျှင်ကို ဖမ်းဆုတ်ထားရန်သာရှိတော့သည်။
ဇူယွမ်က ကုတင်ဘေးသို့ လျှောက်လှမ်းသွားခဲ့ပြီး လူငယ်လေးအားကြည့်လိုက်သလို ထိုလူငယ်လေးကလည်း မျှော်လင့်ချက်ကြီးစွာဖြင့် သူ့ကိုပြန်ကြည့်နေသည်ကိုတွေ့လိုက်ရသည့်အခါ ခါးခါးသီးသီးရယ်မောလိုက်မိသည်။ အဲ့ဒီနောက်မှာ သူကယောင်ယောင့်ဘက်သို့လှည့်လိုက်ပြီး တိုးညှင်းသည့်လေသံဖြင့်မေးလိုက်သည်... "ငါသူ့ကို ဘယ်လိုကယ်ရမှာလဲ..."
သူ့ရဲ့စွမ်းဆောင်ရည်ကို ဘယ်သူကများ သူ့ထက်ပိုပြီးသိနိုင်လိမ့်မည်နည်း။ သူတတ်ကျွမ်းထားခဲ့တဲ့ ဘယ်မူလမှော်စာလုံးကမှ ဒီအဆိပ်ကိုဖယ်ရှားနိုင်လိမ့်မည်မဟုတ်သည်မှာ သေချာပေသည်။
ဇူယွမ်ရဲ့အမူအယာကိုမြင်လိုက်ရသည့်အခါ ယောင်ယောင်ရဲ့နီထွေးထွေးနှုတ်ခမ်းလေးက အနည်းငယ်ပွင့်ဟသွားခဲ့ရပြီး ဝေကန်းလန်ကိုကြည့်လိုက်၍ပြောသည်... "သူ့အနေနဲ့ပြင်ဆင်မှုအချို့ပြုလုပ်ဖို့ လိုအပ်သေးတယ်ပြောတယ်... ဒါက အချိန်ဆယ်ရက်လောက်ကြာလိမ့်မယ်..."
ဝေကန်းလန် အံ့အားသင့်သွားခဲ့ရသည်... "ဘာတွေလိုအပ်တာလဲ... ငါကူညီပေးနိုင်တာရှိရင် သေချာပေါက်ကူညီပေးပါ့မယ်..."
"မူလမှော်စာလုံးရေးဆွဲဖို့အတွက် လိုအပ်တဲ့အရာအချို့ပါပဲ... ဒါတွေနဲ့ပတ်သက်လို့ ဗိုလ်ချုပ်ကြီးဝေ ဒုက္ခခံစရာမလိုပါဘူး..."
ဝေကန်းလန်က နွေးထွေးစွာပြောလိုက်သည်... "ဒီရက်ပိုင်းအတွင်းမှာ မင်းသားလေးတို့တွေ နေထိုင်ဖို့အတွက် ငါအခန်းချက်ချင်းပြင်ခိုင်းလိုက်ပါမယ်... ဒီနေရာကလုံခြုံမှုရှိပြီးတော့ မတော်တဆထိခိုက်မှုတွေလည်း တွေ့ရလိမ့်မှာမဟုတ်ဘူး..."
YOU ARE READING
နဂါးမင်းသား၏ကံကြမ္မာ
Fantasíaနဂါးမင်းသား၏ကံကြမ္မာpageမှာ စာစဥ်လာရောက်ဝယ်ယူနိုင်ပါတယ်။