- 1 -

1K 26 1
                                    

Unicode

အခြေအနေများက ယခုကဲ့သို့ ဖြစ်လာမည်မှန်းသာ အစကတည်းက သိခဲ့လျှင် ရှရှင်းချန်သည် ဇာတ်ကောင်နေရာအား လက်ခံခဲ့မိမည်မဟုတ်ပေ။

ရှရှင်းချန်သည် အသက်ဆယ့်ရှစ်နှစ်တွင် ဖျော်ဖြေရေးလောကထဲသို့ စတင်ဝင်ရောက်ခဲ့သော အနုပညာသက်တမ်း ခြောက်နှစ်ခန့်ရှိ အသက်နှစ်ဆယ့်လေးနှစ်အရွယ် သရုပ်ဆောင်တစ်ဦး ဖြစ်သည်။ ၎င်း ခြောက်နှစ်အတွင်းတွင်  ရှရှင်းချန်သည် ‘အောင်မြင်ကျော်ကြားသည်’ ဟု ဆို၍မရသော်လည်း ‘အရှိန်မှန်မှန် တိုးတက်လျက်ရှိသည်’ ဟု ပြောနိုင်သည့် အလားအလာရှိသည့်သူတစ်ယောက် ဖြစ်သည်။

ကြီးမားသော အောင်မြင်မှုများ မရှိသော်လည်း ရှရှင်းချန်၏ ဆက်တိုက်ထွက်ရှိထားသော ဒရာမာစီးရီးနှစ်ခုက သူ့အတွက် ကျော်ကြားမှုအများအပြားနှင့် ပရိသတ်အရေအတွက်များများ ရရှိစေခဲ့ပါ၏။

ရှရှင်းချန်အား နောက်ထပ် ကမ်းလှမ်းလာသော ဇာတ်ကောင်နေရာများသည် idol dramas များအတွက် အဓိက မင်းသားနေရာများ ဖြစ်ကြသည်။ ရှရှင်းချန်က ထိုဇာတ်ကောင်များအနက် တစ်ခုအား လက်ခံလိုက်ရန် စဉ်းစားနေစဉ်အတောအတွင်းတွင်ပင် သူ့ ကိုယ်စားလှယ်ဖြစ်သူ ဟွမ်းကျီရှင်းထံမှ ဖုန်းတစ်ကောလ်အား လက်ခံရရှိခဲ့သည်။ အကြောင်းအရင်းမှာ သူ့ကို ဒါရိုက်တာ ဟေးကျန်း ရိုက်ကူးမည့် ရုပ်ရှင်အား စိတ်ဝင်စားခြင်းရှိ၊ မရှိ မေးမြန်းခြင်းဖြစ်သည်။

ဟွမ်းကျီရှင်း ဖုန်းဆက်လာသည့် အချိန်တွင် ရှရှင်းချန်သည် သူ့ရည်းစားဖြစ်သူ ရှောင်းယွီ၏ အိပ်ယာထက်တွင် လဲလျောင်းနေခဲ့သည်။ ရှရှင်းချန် ချက်ချင်း ထထိုင်လိုက်သောအခါ ကိုယ်ပေါ်ရှိ စောင်အပါးလေးက လျောကျသွားခဲ့ပြီး သူ့၏ ဖြူဝင်းလက်နေသော ရင်ဘတ်နေရာအား လှစ်ဟလိုက်သကဲ့သို့ ဖြစ်သွားတော့၏။

ရှရှင်းချန်က အသံကို ထိန်းချုပ်၍ မေးလိုက်သော်လည်း အလွန်အမင်းအံ့အားသင့်သွားရမှုအား မကွယ်ဝှက်နိုင်။

“ဘာပြောတယ်?”

အိပ်ယာထက်က ရှောင်းယွီက ရှရှင်းချန်ဘက်လှည့်၍ မေးပါတော့သည်။

The Star Around The Sun (Burmese Translation)Where stories live. Discover now