- 99 -

106 6 0
                                    

Unicode

ဂိမ်းကစားရုံတွင်းမှ ဇာတ်ဝင်ခန်းအား ရိုက်ကူးပြီးစီးချိန်သည် တော်တော်လေး နောက်ကျနေပြီ ဖြစ်၏။ မူလစီစဉ်ထားသည့် အချိန်ဇယားအရဆိုလျှင် တင်းဝမ်ရွှင်သည် ရှရှင်းချန်က ဖြတ်သန်းသွားလာနေသည့် လူအုပ်ရှိနေသော လမ်းထက်တွင် ဂါဝန်ဝတ်ကာ လမ်းလျှောက်ရမည်ဟု အတင်းအကြပ်စေခိုင်းခံရသည့် ဇာတ်ဝင်ခန်းအထိ ရိုက်ကူးပြီးစီးရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ သို့သော်လည်း ယခုအချိန်၌ အနီးပတ်ဝန်းကျင်ရှိ စတိုးဆိုင်များ ပိတ်သွားကြပြီ ဖြစ်ကာ လမ်းပေါ်တွင်လည်း ဖြတ်သွားဖြတ်လာများ မရှိတော့သဖြင့် ရိုက်ကူးရေးကို မနက်ဖြန်အထိ ရွှေ့ဆိုင်းလိုက်၏။

ရှရှင်းချန် မိတ်ကပ်ဖျက်၊ နှုတ်ခမ်းနီဖျက်ကာ အဝတ်အစားလဲပြီး၍ ပြန်ထွက်လာသည့်အခါ တင်းဝမ်ရွှင်သည် ရန်ရို့မင်နှင့်အတူ ညလည်စာသွားစားရန် သူ့ကိုပါ ခေါ်လာသည်။

ဤတစ်ကြိမ်တွင် သူတို့သုံးယောက်သာ သွားကြမည် ဖြစ်၏။ ရန်ရို့မင်နှင့် ရှားရှားပါးပါးတွေ့ခွင့်ကြုံသည့် တင်းဝမ်ရွှင်သည် ရန်ရို့မင်နှင့်အတူ စကားစမြည်ပြောချင်သဖြင့် ရှရှင်းချန် တစ်ယောက်ထဲကိုသာ ခေါ်ခြင်းဖြစ်သည်။ အကြောင်းမှာ ရှရှင်းချန်နှင့် ရန်ရို့မင်တို့ တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးကြမှန်း သူသိသဖြင့်ပင်။

အနီးအနားတွင် ညဉ့်နက်သည်အထိဖွင့်သည့် စားသောက်ဆိုင်တစ်ဆိုင်ကို သူတို့ရှာတွေ့လိုက်၏။ သီးသန့်ခန်းတစ်ခန်းတောင်းဆိုလိုက်ကာ အထဲဝင်ထိုင်ကြပြီးနောက် ဟင်းပွဲများနှင့် သောက်စရာ ဘီယာများကို မှာလိုက်ကြသည်။

'မတော်တဆလူသတ်မှု' သည် တင်းဝမ်ရွှင်၏ ဒါရိုက်တာအဖြစ် ပွဲဦးထွက်ရုပ်ရှင်ဖြစ်သည်။ သူသည် ထိုရုပ်ရှင်ကို ကြီးကြီးမားမား အားစိုက်ထုတ်မှု ပြုထားသဖြင့် မျှော်လင့်ချက် အလွန်မြင့်မား၏။ သူ့ စိတ်ပိုင်းဆိုင်ရာဖိစီးမှုမှာလည်း ပြင်းထန်နေလေရာ သူငယ်ချင်းနှင့် တွေ့သည့်အခါ စိတ်ပြေလက်ပျောက်
ရင်ဖွင့်ရင်း ဘီယာသောက်နေတော့သည်။

ရှရှင်းချန်သည် တင်းဝမ်ရွှင်၏ ဘေးတွင် တိတ်တိတ်ဆိတ်ဆိတ်ထိုင်နေကာ ရန်ရို့မင်နှင့် တင်းဝမ်ရွှင်တို့ စကားပြောနေကြသည်ကို စားပွဲပေါ်ရှိ ပဲစိမ်းသီးတောင့်ပြုတ်များအား အခွံခွာရင်း နားထောင်နေပါ၏။ ရိုက်ကူးရေးတစ်နေ့တာ ပြီးဆုံးသွားသည့်နောက်တွင် ရှရှင်းချန် အလွန်မောပန်းနွမ်းလျနေကာ ဆာလောင်မွတ်သိပ်နေပြီ ဖြစ်သည်။

The Star Around The Sun (Burmese Translation)Where stories live. Discover now