- 135.1 -

93 8 0
                                    

Unicode

မြစ်အတွင်းသို့ ကားနစ်မြုပ်သွားသည့် ဇာတ်ဝင်ခန်းသည် ရန်ရို့မင်နှင့် ရှရှင်းချန် ရိုက်ကူးရမည့် နောက်ဆုံးဇာတ်ဝင်ခန်းဖြစ်သည်။ ဆန်းယောင် ဟန်ပေါ်ဟန်အား ရေထဲမှ ကယ်ပေးလာသည့်ဇာတ်ကွက်သည် သူတို့အတူသရုပ်ဆောင်ရမည့် နောက်ဆုံးဇာတ်ဝင်ခန်းပင်။

၎င်းကို ရိုက်ကူးပြီးလျှင် သူတို့၏ဇာတ်ဝင်ခန်းအားလုံးမှာ ပြည့်စုံသွားပြီဖြစ်သည်။

ရိုက်ကူးရေးတည်နေရာသည် ကျေးလက်တောစပ်မှ မြစ်ကမ်းပါးတစ်နေရာတွင် ဖြစ်၏။ နွေရာသီအချိန် ဖြစ်သော်လည်း ညဉ့်သန်းခေါင်အချိန်တွင် မြစ်ရေများသည် သူတို့ကို အရိုးတွင်းထိ စိမ့်ချမ်းလာစေသည်။

အပေါ်ယံရေမျက်နှာပြင်တွင်မူ လင်းချင်းနေသော်လည်း ရေပြင်အောက်ဘက်သည် အမှောင်ထုကြီးပင်။ ကနဦးတွင် သူတို့ ရေငုပ်ရမည်၊ ပြီးနောက်မှ ရန်ရို့မင်က ရှရှင်းချန်ကို ဆယ်တင်ယူလာပေးမည် ဖြစ်၏။ မြစ်ရေစီးနှုန်းသည် မပြင်းထန်သော်လည်း ဖြစ်လာနိုင်ချေရှိသည့် အန္တရာယ်များကြောင့် ရိုက်ကူးရေးအဖွဲ့သားများ တစ်ချိန်လုံး စိတ်ပူနေကြတော့သည်။

ကံအားလျော်စွာပင် ရန်ရို့မင်နှင့်ရှရှင်းချန်တို့နှစ်ဦးလုံးသည် ရေကူးကျွမ်းကျင်သူများ ဖြစ်၏။

ရိုက်ကူးရေးပြုလုပ်ရန် ရွေးချယ်ထားသည့် မြစ်တစ်နေရာသည် ရေနက်ပိုင်းတွင်မဟုတ်။ သို့ဖြစ်ရာ ရိုက်ကူးယူမည့်နေရာထံ ရောက်ရန်အတွက် ရန်ရို့မင်နှင့် ရှရှင်းချန်က မြစ်ကြမ်းပြင်ထက်ထိတိုင် ခြေနင်းလျှောက်နိုင်သည်ပင်။ ရိုက်ကူးရေးအသုံးအဆောင်အဖြစ် ပြင်ဆင်ထားသည့် ကားခေါင်မိုးကို သူတို့ဘေးရှိ မြစ်တစ်နေရာတွင် ချထားကာ နစ်မြုပ်လုနီးပါး ဖြစ်နေဟန် ထင်မြင်စေ၏။

ပထမဆုံးရိုက်ချက်သည် ရှည်လျားသော ရိုက်ချက် ဖြစ်သည်။

အလင်းမီးရောင်များအောက်တွင် ရှရှင်းချန် ရန်ရို့မင်ထံ တစ်ချက်ကြည့်မိသည်။ ဟေးကျန်းက သူတို့ကို အဆင်သင့်ပြင်ရန် အော်ပြောသည့်အခါ သူ သက်ပြင်းရှည်တစ်ချက်ချကာ ရေအောက်သို့ ဒိုင်ဗင်ဆင်းလိုက်၏။

The Star Around The Sun (Burmese Translation)Where stories live. Discover now