- 80 -

91 9 0
                                    

Unicode

ရှရှင်းချန် ထုတ်ကုန်တစ်ခု၏ကြော်ငြာအတွက် ရိုက်ကွင်းရှိသည့်နေ့တွင် ဟွမ်းကျီရှင်းသည်
ရှရှင်းချန်ကို သူ့ကားဖြင့် လာကြိုသည်။

ဟွမ်းကျီရှင်း အပေါ်ထပ်သို့ တက်မလာတော့ဘဲ မြေအောက်ကားပါကင်တွင် ကားရပ်ထားရင်း ကားပေါ်၌သာ ထိုင်စောင့်‌နေပါ၏။

ရှရှင်းချန် ကားနောက်ခန်းတံခါးကို ဖွင့်ကာ ကားပေါ်တက်လိုက်သည်။ သူ့စိတ်နှလုံးအိမ်တွင်း၌ အနည်းငယ် ကသိကအောက်ဖြစ်နေဆဲပင်။ထို့ကြောင့် သူ ဟွမ်းကျီရှင်းကို အေးစက်စက်မျက်နှာထားဖြင့် လျစ်လျူရှုထားကာ စကားတစ်ခွန်းမှ မပြော။

ဟွမ်းကျီရှင်းက သူ့ကို နောက်ကြည့်မှန်မှ လှမ်းကြည့်ကာ စကားစပြောသည်။

"ငါ တောင်းပန်ပါတယ်"

လေးလေးနက်နက်ပြောလာသည့် တောင်းပန်စကားကို ကြားလိုက်ရာ ရှရှင်းချန် ရုတ်တရက် မည်သို့ပြန်ပြောရမည်မသိတော့။ ကားပြတင်းမှန်အပြင်ဘက်သို့ လှည့်ငေးကြည့်လိုက်ပြီး တီးတိုးရေရွတ်သည်။

"ရပါတယ်"

သေသေချာချာ ပြန်တွေးကြည့်လျှင် ဟွမ်းကျီရှင်းသည်လည်း  မည်သည့်အရာကိုမှ အမှားမလုပ်ထားပေ။

ဟွမ်းကျီရှင်းသည် စတီယာရင်ဘီးကို လှည့်ကာ ကားပါကင်အပြင်ဘက်သို့ မောင်းထွက်လိုက်ရင်း မေးပါ၏။

"မင်း စိတ်မဆိုးတော့ဘူးမလား"

အတော်လေး ပွယောင်း‌ဖောင်းကြွနေသည့် အနွေးဂျက်ကတ်တိုကို ဝတ်ထားကာ အင်္ကျီအိတ်ကပ်များအတွင်း လက်နှစ်ဖက်ထည့်ထားသည့် ရှရှင်းချန် သည် စတိုးဆိုင်တွင် ရောင်းသည် ကစားစရာဘဲဝတုတ်ရုပ်ကလေးနှင့်ပင် တူနေသေးတော့သည်။

"စိတ်ဆိုးနေစရာ ဘာရှိလို့လဲ"

ဟွမ်းကျီရှင်း ရယ်လိုက်‌မိပါသည်။

"အဲ့လိုဆို ကောင်းတာပေါ့.. မင်းအတွက် နေ့တိုင်း အလုပ်ကြိုးစားလုပ်နေရတဲ့ ငါ့ကို ကြည့်ပါဦး.. ငါ့မယ် ဆံပင်ဖြူတွေတောင် ပေါက်လာပြီ"

ထိုစကားကို ကြားသည်တွင် ရှရှင်းချန် ဟွမ်းကျီရှင်း ၏ ဆံပင်တို့ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ဦးခေါင်းအနောက်ဘက်အနီး တစ်နေရာတွင် ဆံပင်ဖြူ အတော်များများ အမှန်တကယ်ပင် ရှိနေ၏။ ရှရှင်းချန် ပွဲဦးစထွက်ကတည်းကမှစ၍ နှစ်ကာလများတစ်လျှောက်လုံး၌ ဟွမ်းကျီရှင်း အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်လာခဲ့ရသည်ကို သူသိပါသည်။ အခြေအနေများ အကောင်းဘက် လှည့်စပြုလာကာ နောက်ဆုံးတွင် ခိုင်မေ့ထင် သူ့ကို အနည်းငယ် သတိပြုမိလာချိန် ရောက်ရန်အတွက်ပင် တစ်နှစ်ကျော်ခန့် အားထုတ်ခဲ့ရသည်။ ထိုအချိန် မတိုင်ခင်တွင် ဟွမ်းကျီရှင်းသည် ရှရှင်းချန်၏ လက်တွင်းသို့ ရနိုင်သမျှ အခွင့်အလမ်းတို့ကို
ဖမ်းဆုပ်နိုင်ရန် မနားမနေကြိုးစားပါ၏။ သူတို့နှစ်ယောက်အကြားရှိ ဆက်ဆံရေးသည် ရိုးရိုးသာမန်လုပ်ဖော်ကိုင်ဖက်များအဆင့်ထက် သာလွန်ရင်းနှီးသည်။ 

The Star Around The Sun (Burmese Translation)Where stories live. Discover now