- 119 -

67 6 0
                                    

Unicode

ဟေးကျန်းသည် ထိုနေ့ည ညစာစားဝိုင်းသို့ ရှရှင်းချန်ကိုသာမက လင်းကျားယွဲ့ကိုပါ ခေါ်လာခဲ့၏။

ရိုက်ကူးရေးစတင်ကတည်းက ယခုအချိန်ထိ ရှရှင်းချန်နှင့် လင်းကျားယွဲ့တို့ ဇာတ်ဝင်ခန်းတစ်ခန်းကိုမှ အတူတကွ မရိုက်ရသေးပေ။ ပုံမှန်အားဖြင့် သူတို့နှစ်ယောက် ကိုယ်ရေးကိုယ်တာအရ ခေါ်ပြောဆက်ဆံခြင်း တစ်ခါလေးမှပင်မရှိ။ ယနေ့ စားပွဲတစ်ဝိုင်းထဲတွင် ညစာအတူစားရမည်က သူတို့အတွက် ရှားပါးဖြစ်စဉ်သာ။

ညစာစားဝိုင်း၌ ထိုင်နေကြစဉ်တစ်လျှောက်လုံးတွင် လင်းကျားယွဲ့သည် အလွန်ပင်တိတ်ဆိတ်နေ၏။ တစ်ယောက်ယောက်က သူမကို စကားပြောလာမှသာ သူမက ရှက်တက်တက်အပြုံးတစ်ပွင့်ဖြင့် တုံ့ပြန်ပြောဆိုသည်။ ရံဖန်ရံခါတွင် သူမနှင့် ရှရှင်းချန်တို့ မျက်ဝန်းချင်းဆုံသွားတတ်သည်။ သို့သော် သူတို့နှစ်ယောက်က တစ်ခဏချင်းပင် အကြည့်လွှဲရှောင်သွားတော့၏။

မည်သည့်အကြောင်းကြောင့် သူ အလွန်ပင် သတိချပ်ကာ အကဲဆတ်နေမိကြောင်းအား ရှရှင်းချန် သူကိုယ်တိုင်ပင် မသိပါတော့။ သို့သော်လည်း သူ အမှန်ပင် လင်းကျားယွဲ့အပေါ် စိတ်စနိုးစနောင့်ဖြင့် ဂရုထားနေမိသည်။

ဝါရင့်သရုပ်ဆောင်စုံတွဲသည် ပွင့်လင်းတက်ကြွကာ သဘောမနောကောင်းပါပင်။ အထူးသဖြင့် လူကြီးလူကောင်းအမျိုးသားကြီးသည် အတော်ပင် အရက်သောက်နိုင်သူ ဖြစ်၏။ ရန်ရို့မင်က သူ အသက်နှစ်ဆယ်ကျော်ကာစတွင် ထိုအမျိုးသားကြီးနှင့် ရုပ်ရှင်အတူရိုက်ရသည့်အချိန်က နေ့စဉ်နေ့တိုင်းပင် ထိုအမျိုးသားကို အဖော်လုပ်၍ အရက်အတူသောက်ရသည့်အကြောင်းကို ရှရှင်းချန်အား တိုးတိုးကပ်ပြောပြပါသည်။ မျက်တောင်တစ်ဖျတ်အတွင်း နှစ်နှစ်ဆယ်နီးပါး ကုန်လွန်သွားခဲ့ပြီဖြစ်ပြီး ယင်းအမျိုးသားကြီး၏ အရက်သောက်ရသည်ကို နှစ်သက်သည့်စိတ်သည် မပြောင်းမလဲရှိနေဆဲပင်။

ရန်ရို့မင်၊ ဟေးကျန်းနှင့် အမျိုးသားကြီးတို့သည် အရက်သောက်နေရင်းဖြင့် ရှေးဟောင်းနှောင်းဖြစ်များ ပြန်ပြောင်းပြောနေကြသည်။ ထိုသို့သော အခြေအနေမျိုးတွင် ရှရှင်းချန်အနေဖြင့် စကားဝိုင်းထဲ ဝင်ရောက်ပြောဆိုနိုင်ခြင်းမရှိ။ သို့နှင့် သူ ထုံးစံအတိုင်းပင် ထိုင်နားထောင်နေရင်း ရန်ရို့မင်ကို အရက်သိပ်မသောက်ဖြစ်အောင် သူ တတ်နိုင်သမျှ ဟန့်တားနေပါ၏။ ထို့နောက် စားပွဲထိုးဝန်ထမ်းအား ဆန်ပြုတ်ပူပူတစ်ပွဲ သို့မဟုတ် ခေါက်ဆွဲပြုတ်တစ်ပွဲ ချလာပေးရန် သူ ပြောလိုက်သည်။ ရန်ရို့မင်အတွက်ရည်ရွယ်ခြင်း ဖြစ်၏။ ထိုအမျိုးသား၏ ဝမ်းဗိုက်ထဲသို့ နွေးနွေးထွေးထွေးရှိသည့် အစာတစ်မျိုးမျိုး ဝင်သွားစေလိုသဖြင့်ပင်။

The Star Around The Sun (Burmese Translation)Where stories live. Discover now