- 68 -

102 10 0
                                    

Unicode

ဟွမ်းကျီရှင်း ရှရှင်းချန်အကြောင်းကို ကောင်းကောင်း သိပါ၏။ လွန်ခဲ့သောနှစ်ကာလများအတွင်း ရှရှင်းချန် တစ်ယောက်ယောက်နှင့် တွဲသည်ကို သူ တစ်ခါမှ မပိတ်ပင်ဖူးပေ။ အကြောင်းအရင်းမှာ ရှရှင်းချန်သည် ဆုံးဖြတ်ချက်ဝေဝါးတတ်သူဖြစ်ကြောင်း သူသိ၍ ဖြစ်သည်။ ပထမပိုင်းတွင် သူ့ခံစားချက်များ ပြင်းထန်၍ တလေးတနက်ရှိသော်လည်း နောက်ပိုင်း အဖျားရှူး၍ လျော့ပါးပျောက်ကွယ်သွားသည်မှာ အချိန်တိုင်းပင်။

သို့သော် ယခုတစ်ကြိမ်သည် ခြားနားသည်။ သူ စိတ်ပူမိဆုံးအရာက ရှရှင်းချန်နှင့်ရန်ရို့မင်တို့၏ကိစ္စ ပေါက်ကြားသွားလျှင် နှစ်ယောက်စလုံး၏ အလုပ်အကိုင်များ လုံးဝ ပြိုပျက်သွားမည်ကို ဖြစ်သည်။

သူ စိတ်ရှုပ်လာရပြီဖြစ်ကာ ဆေးလိပ်သောက်ချင်လာသော်လည်း ရန်ရို့မင်၏အခန်းဖြစ်ကြောင်း အမှတ်ရသွားသဖြင့် မသောက်လိုက်တော့။ နောက်ဆုံးတွင် သူ ရှရှင်းချန်ကို စိုက်ကြည့်ရုံသာတတ်နိုင်ရကာ လေသံမာမာဖြင့် ပြောလိုက်၏။

"ငါ မင်းကို ထိန်းမနိုင်တော့ဘူး.. ပြန်ရောက်ရင် အခြေအနေကို ဥက္ကဌခိုင်ဆီမှာ ကိုယ်တိုင်ရှင်း"

ဤစကားက သူ ရှရှင်းချန်ကို ကူညီ၍ ယင်းကိစ္စကို ကုမ္ပဏီထံမှ ဖုံးကွယ်ပေးထားမည် မဟုတ်ကြောင်း ဆိုလိုခြင်း ဖြစ်သည်။

ရှရှင်းချန်ကား မကြောက်ပေ။ သူက ပြန်ပြောသည်။

"ကိစ္စမရှိဘူး.. ငါ ဂရုမစိုက်ဘူး"

ရှရှင်းချန် တကယ့်ကို ဦးနှောက်ပျက်သွားပြီဟု ဟွမ်းကျီရှင်း ထင်လိုက်မိသည်။ ချုပ်တီးထားရသော ဒေါသစိတ်‌တို့ကို ဖွင့်အံချရန် နေရာမရှိဟု ခံစားလာရပြီဖြစ်သဖြင့် လှည့်သာပြန်ရန် ပြင်လိုက်တော့သည်။

သို့သော်လည်း ရှရှင်းချန်က သူ့လက်ကို လှမ်းဆွဲကာ ပြောပြန်သည်။

"ငါ့အတွက် လေယာဉ်လက်မှတ် ချိန်းပေးဦး"

ဟွမ်းကျီရှင်း သူ့လက်ကို ရှရှင်းချန်ထံမှ ရုန်းလိုက်ကာ ဒေါသကို ချိုးနှိမ်ထားရင်း ပြောပါ၏။

The Star Around The Sun (Burmese Translation)Where stories live. Discover now