- Extra Chapter 2.1 -

116 7 0
                                    

Unicode

ရုပ်ရှင်ဧကရာဇ် - ၁

တိုင်ရှောင်းရွှမ်သည် စားပွဲထက်တွင် အသံသွင်းစက်ကို တင်ထားလိုက်ကာ ကော်ဖီခွက်ကို ကောက်ယူလိုက်သည်။ ကော်ဖီတစ်ငုံသောက်နေရင်းဖြင့် သူမအရှေ့တွင် ထိုင်နေသည့် ရှရှင်းချန်ကို တိတ်တဆိတ် အကဲခတ်နေလေသည်။

ရှရှင်းချန်သည် သူမတို့ မဂ္ဂဇင်းအတွက် ဓါတ်ပုံရိုက်ကူးရေး ရိုက်ကူးပြီးစီးသွားလေပြီ။ သူ့လက်ထောက်သည် မိတ်ကပ်ဖျက်တစ်ရှူးဖြင့် သူ့မျက်နှာမှ မိတ်ကပ်များကို ဖျက်ပေးနေလေသည်။ ထိုအရပ်ပုပုလက်ထောက်အမျိုးသမီးကို တိုင်ရှောင်းရွှမ် မှတ်မိနေပါ၏။ သူမ ရှရှင်းချန်၏ဘေးတွင် ရှိနေသည်မှာ ယခုကာလထိဆိုလျှင် နှစ်အတော်ကြာ ရှိနေပြီ။

တစ်ချိန်က တိုင်ရှောင်းရွှမ်သည် ရှရှင်းချန်နှင့် ပတ်သက်၍ အရူးအမူး ဖြစ်ဖူးသည်။ လေးနှစ်၊ သို့မဟုတ် ငါးနှစ်ဝန်းကျင်အကြာက “တဖြည်းဖြည်း ကွာဝေးခြင်း” ရုပ်ရှင်ကို နိုင်ငံရပ်ခြား၌ ရုံတင်ပြသသည့်အချိန်ကာလတွင် သူမအပါအဝင် သူမနှင့်အသက်ရွယ်တူ အခြားမိန်းကလေးငယ် အတော်များများသည် ထိုရုပ်ရှင်ကို download ဆွဲ၍ ကြည့်ရှုနိုင်ရန်အတွက် အင်တာနက်တစ်ခွင်တွင် နှံ့နှံ့စပ်စပ် ရှာဖွေကြသည်။ ယင်းသည် သူမ ထပ်တလဲလဲ ကြည့်ရှုခဲ့သော ရုပ်ရှင်တစ်ကားပင်၊ စုစုပေါင်း ဆယ်ကြိမ်နီးပါးခန့်ပင် ကြည့်ဖူးလောက်သည်။ သူမ မျက်လုံးမှိတ်လိုက်လျှင်တောင် ယခုအချိန်ထိတိုင် စွဲမြဲမှတ်မိနေသည့် ဇာတ်ဝင်ခန်းနှင့် ဒိုင်ယာလော့ခ် အများအပြား ရှိနေသေး၏။

သို့သော် အချိန်ကာလတို့ ကုန်ဆုံးလာသည်နှင့်အမျှ တိုင်ရှောင်းရွှမ်သည်လည်း အရွယ်ရောက်လာကာ သူမ၏ ကိုယ်ပိုင်ဘဝနှင့်အသက်မွေးအလုပ်ကို ဦးစားပေးလာရသည်။ သူမ၏ ကနဦးရှိ အလွန်အမင်း နှစ်သက်မှုနှင့် ပြင်းပြသော စိတ်ပါဝင်စားတက်ကြွမှုသည် နှစ်သက်မှုရှိနေဆဲဖြစ်သော်လည်း တိတ်တိတ်ဆိတ်ဆိတ် အာရုံစိုက်မှုအသွင်သို့ တဖြည်းဖြည်း ပြောင်းလဲလာတော့သည်။
ရှရှင်းချန် 'တဖြည်းဖြည်းကွာဝေးခြင်း' ကို ပါဝင်သရုပ်ဆောင်ခဲ့သည်မှာ မျက်စိတစ်မှိတ်အတွင်းတွင်ပင် ခြောက်နှစ်တာကာလတိုင် ကြာမြင့်ကုန်ဆုံးလေခဲ့ပြီ။ ထို့ပြင် ရှရှင်းချန်ကို အနီးကပ် မြင်တွေ့နိုင်သည့် ရှားရှားပါးပါး အခွင့်အရေးသည် တိုင်ရှောင်းရွှမ်ထံ ရောက်လာခဲ့ပါ၏။ ရှရှင်းချန်သည် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားသည်ကို သူမ တွေ့ရှိရသော်လည်း သူသည် အရင်ကာလများနှင့် တူညီသည့် စိတ်ခံစားချက်ကို ပေးအပ်နေနိုင်ဆဲပင်။

The Star Around The Sun (Burmese Translation)Where stories live. Discover now