- 70 -

118 12 0
                                    

Unicode

ကားထဲပြန်ရောက်ကြသည့်အခါ ရှရှင်းချန်က ရန်ရို့မင်ကို သိချင်စိတ်ဖြင့် မေးကြည့်သည်။

"ကျွန်တော်တို့ ဘယ်သူ့ဆီ သွားလည်ကြမှာလဲ"

ရန်ရို့မင်သည် အနွေးအင်္ကျီရှည်ကြီးကို မချွတ်ရသေးသော်လည်း ရှေ့ဘက်ကိုဇစ်ဖြုတ်ပြီးသားဖြစ်၏။ သူက ဆို၏။

"မင်း ရမ်ယွီချန်းကို သိလား"

ရှရှင်းချန် "အာ" ဟူသည့် အာမေဍိတ်အသံတစ်သံ ထွက်လာကာ အနည်းငယ်အံ့ဩသွားပါ၏။ သို့သော် ခပ်မြန်မြန် ဖြည့်ပြောလိုက်သည်။

"ကျွန်တော် ရမ်ယွီချန်းကို သိတာပေါ့"

သူ ရန်ရို့မင်ကို စိုက်ငေးကြည့်နေရင်း ထပ်ပြောလိုက်သည်။

"ကောစိတ်ထဲမှာ ကျွန်တော်က အဲ့လောက်တောင် မ သိနားမလည်၊ မကျွမ်းကျင်တဲ့လူလား..ကျွန်တော့်ကို ဖျော်ဖြေရေးလောကထဲ အပျော်‌ဆော့ဖို့သက်သက် ရောက်လာတယ် ထင်လို့လား"

ရမ်ယွီချန်းသည် သက်ကြီးပိုင်းမျိုးဆက်မှ တရုတ်ပြည်တွင် ထင်ရှားသည့် ရုပ်ရှင်ဖန်တီးသူတစ်ဦး ဖြစ်သည်။ သူသည်နိုင်ငံတကာအထိပါပေါက်ရောက်၍ ချီးကျူးမှုရရှိခဲ့သည့် ရုပ်ရှင်အမြောက်အမြားကို ရိုက်ကူးခဲ့ပြီးထုတ်လုပ်ခဲ့သည်။ သို့သော် ၎င်းတို့အားလုံးသည် ရုပ်ရှင်ကားဟောင်းများဖြစ်၍ လူငယ်များက ၎င်းရုပ်ရှင်တို့ကို မကြားဖူးသည်က အံ့ဩစရာတော့ မဟုတ်ပေ။

ရန်ရို့မင်သည် ပေါ့ပေါ့ပါးပါး ရယ်လိုက်ရင်း ပြောပါ၏။

"ကိုယ်တို့ ရမ်လောင်ရှီးဆီ သွားလည်မလို့"

ရှရှင်းချန် နားလည်သွားရတော့၏။ ထို့နောက် ချက်ချင်းပင် သူမေးပြန်သည်။

"အဲ့ဒီ့ ရမ်ကျင်းယွမ်က..?"

ရန်ရို့မင်က ပြန်ဖြေ၏။

"ရမ်ကျင်းယွမ်က ရမ်လောင်ရှီးရဲ့မြေး"

ရမ်ကျင်းယွမ်၏ သရုပ်ဆောင်လမ်းကြောင်းသည် ပွဲဦးထွက်ကတည်းမှစ၍ ဖြောင့်‌ဖြောင့်ဖြူးဖြူး ရွက်လွှင့်နေနိုင်သည့် အကြောင်းရင်းကို ရှရှင်းချန် ရုတ်ချည်း သဘောပေါက်လာရပါ၏။ သူ့ကို အမျိုးမျိုးသော Variety Show များမှ အမြဲတမ်းနီးပါး ဖိတ်ခေါ်ကြပြီး ရုပ်ရှင်တော်တော်များများတွင်လည်း ပါဝင်ခွင့်ပြုကြသည်။ ရမ်ကျင်းယွမ်၏ မိသားစုနောက်ခံသည် အင်အားကြီးကြောင်း လူတိုင်းသိသော်လည်း ရမ်ကျင်းယွမ်သည် ရမ်ယွီချန်း ၏ မြေးဖြစ်ကြောင်းကိုတော့ ရှရှင်းချန် ပထမဆုံး ကြားဖူးခြင်း ဖြစ်သည်။

The Star Around The Sun (Burmese Translation)Where stories live. Discover now