- Extra Chapter 1.1 -

130 10 0
                                    

Unicode

ရန်ရို့မင်၏ "တဖြည်းဖြည်းကွာဝေးခြင်း" - ၁

ရန်ရို့မင်သည် 'တဖြည်းဖြည်းကွာဝေးခြင်း' ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့ထံ ရောက်လာသည့်ည ဟိုတယ်စင်္ကြံတွင်မှ ရှရှင်းချန်နှင့် ပထမဆုံးအကြိမ် ဆုံဖူးခြင်းပင်။

မတိုင်ခင်က သူ ရှရှင်းချန်၏ နာမည်ကိုကြားဖူးနေကာ ဓါတ်ပုံများအား မြင်ဖူးသော်လည်း ရှရှင်းချန်၏ တီ‌ဗွီဇာတ်လမ်းတွဲများကိုမူ မည်သည့်အခါကမှ မကြည့်ဖူးခဲ့။ အပြင်တွင် ရှရှင်းချန်ကို မမြင်ဖူးသည်ဖြစ်ရာ ရုတ်တရက် မမှတ်မိဘဲ ထိုလူငယ်လေးအား စင်္ကြံ၏မှိန်ဖျော့ဖျော့အလင်းရောင် အကူနှင့် စူးစူးစမ်းစမ်း ကြည့်နေမိပါ၏။

ထိုလူငယ်၏ ချောမောကြည့်ကောင်းသည့်မျက်နှာတွင် ပျိုမျစ်ငယ်ရွယ်ဟန်လည်းရှိနေကာ ရှိရင်းစွဲအသက်ထက် ပို၍နုငယ်နေပုံပေါ်သည်။ အဝတ်အစားဆင်ယင်ပုံကို ပြောင်းလဲလိုက်လျှင် အထက်တန်းကျောင်းသားဇာတ်ကောင်ကိုပင် သရုပ်ဆောင်၍ရလောက်သည်။ ရှရှင်းချန်၏ ရုပ်ရည်၊ ဟန်ပန်ရှိန်ဝါတို့သည် ဖျော်ဖြေရေးလောကကတွင် မည်သို့မှထူးကဲထင်းထွက်မနေသော်လည်း ယင်းတို့သည် ဟေးကျန်း၏လိုအပ်ချက်များနှင့် ကိုက်ညီနေ၍ဖြစ်ပေလိမ့်မည်။

ရှရှင်းချန်က သူ့ကို စကားအရင်စပြောလာပါ၏။ မျက်နှာသည် ရဲစွေးနေကာ လေသံက ခပ်ယောင်ယောင်မျှ တုန်ယင်နေသည်။ အနီးဝန်းကျင်လေထုထဲတွင် အရက်နံ့ကို ရှူရှိုက်လိုက်ရ၏။ ရှရှင်းချန် တော်တော်လေး သောက်လာပုံပင်။

ရန်ရို့မင် ရှရှင်းချန်၏ တုန်လှုပ်နေပုံကို ခံစားသိလိုက်ပါ၏။ သူတို့ လက်ဆွဲနှုတ်ဆက်လိုက်သည်တွင် သူ ရှရှင်းချန်၏ ချွေးစိုနေသည့်လက်ဖဝါးနှင့် ထိတွေ့လိုက်ရသည်။ နှုတ်ဆက်အပြီးတွင် ရှရှင်းချန်က သူ့ကို အမြဲတမ်းသဘောကျနေသည့်အကြောင်း ပြောလာပါ၏။ ရန်ရို့မင် ရှရှင်းချန်ကဲ့သို့သောပုံစံမျိုးလေးများကို ကြုံတွေ့ဖူးသည်က မရေတွက်နိုင်အောင်ပင်။ သူတို့၏ ချစ်ခင်နှစ်လိုမှုကို ဖွင့်ဟပြကာ သူ့ပရိသတ်ဖြစ်ကြောင်း သူ့ကိုပြောလာသည့် သရုပ်ဆောင်အငယ်လေးများအား သူ မကြာခဏကြုံဖူးသည်။ ထိုသူများအကြားတွင် ရှရှင်းချန်သည်လည်း အထူးတလှယ်ဟုတ်မနေပေ။ သို့နှင့် သူ ပြုံးပြလိုက်ကာ စကားအနည်းငယ်မျှ အလိုက်အထိုက်ပြောလိုက်သည်။ သူ့ထုံးစံအတိုင်း ယဉ်ကျေးသော်လည်း စည်းခြားထားသည့်ဟန်ပန်ဖြင့်ပါပင်။ ထို့နောက် သူ တည်းခိုနေထိုင်ရမည့် ဟိုတယ်ခန်းထဲသို့ ဝင်လာခဲ့လိုက်၏။ မည်သို့ဆိုစေ သူ နာရီတော်တော်များများအား လမ်းပေါ်တွင် ခရီးနှင်လာရသည်ဖြစ်ရာ သူ တော်တော့်ကို နွမ်းလျနေပြီဖြစ်သည်။

The Star Around The Sun (Burmese Translation)Where stories live. Discover now