- 110 -

86 4 0
                                    

Unicode

တုကျင်း ပြောပြီးသည့်နောက် တစ်ခဏခန့်ကြာသည်အထိ မည်သူတစ်ဦးတစ်ယောက်ကမှ သူ့အား တုံ့ပြန်စကားမဆိုကြ။ အခန်းထဲတွင် တုကျင်း၏ဇနီး နှင့် လီယင်တို့ စကားပြောနေသံများကိုသာ ကြားနေရသည်။ ထိုအမျိုးသမီးနှစ်ယောက်က တစ်ချိန်ထဲတွင် သူတို့ဘက် တစ်ချက်လှည့်ကြည့်လာ၏။ ထို့နောက် ပြန်လှည့်သွားကာ အသံတိုးတိုးဖြင့် စကားဆက်ပြောနေကြပါ၏။

ရန်ရို့မင် ခေါင်းညိတ်လိုက်ကာ တုကျင်းကို ပြောလာသည်။

"မင်း စိတ်ပူတာကို ငါ နားလည်ပါတယ်"

ရှရှင်းချန်လည်း နားလည်လိုက်၏။ ယနေ့ ဤနေရာတွင် ဟွမ်းကျီရှင်းနှင့် ခိုင်မေ့ထင်တို့သာ ရှိနေပါက သူတို့သည်လည်း ယင်းကိစ္စကို ကန့်ကွက်ကြမည်ပင်။ ရှရှင်းချန် စိတ်ထဲတွင် အတွေးတစ်စပေါ်လာ၏ : 'ငါ မင်ကောနဲ့ ရှေ့လျှောက် အလုပ်တွဲလုပ်ရင် မကောင်းတဲ့အကျိုးသက်ရောက်မှုတွေများ ရှိလာနိုင်မလား' ။

ယခုလက်ရှိတွင် သူတို့နှစ်ယောက်အား စိတ်အားထက်သန်စွာ တွဲဖက်ပေးနေသော အင်တာနက်ပေါ်မှပရိသတ်များ အများအပြားရှိနေ၏။ သူတို့နှစ်ယောက် နောက်ထပ်တစ်ကြိမ် အလုပ်တွဲလုပ်ရမည်ဆိုလျှင် ထိုပရိသတ်များ ပို၍ထိန်းမနိုင်သိမ်းမရစွာ အရူးအမူးဖြစ်လာမည်ကိုဖြင့် သူ ကြောက်မိသည်။ အခြားတစ်ဖက်ရှိ မကောင်းသည့်မှတ်ချက်များလည်း ဆက်လက်တိုးပွားလာလိမ့်မည်။

သို့သော်ငြားလည်း သူ အမှန်တကယ်ပင် ရန်ရို့မင်နှင့် ရုပ်ရှင်နောက်တစ်ကား ထပ်ရိုက်ချင်နေသေး၏။ ယခုနှစ်များတွင် ရန်ရို့မင် ရုပ်ရှင်လက်ခံသည်ကလည်း ရှားပါးလာကာ သူနှင့်အတူ အလုပ်တွဲလုပ်ရန် အခွင့်အရေးသည် အလွန်တရာ ကြုံတောင့်ကြုံခဲပင် ဖြစ်သည်။ ဒါရိုက်တာကောင်းတစ်ဦး၏ ဇာတ်ညွှန်း၊ သင့်တော်သောဇာတ်ကောင် —– ထိုအခြင်းအရာတို့အား လွဲချော်သွားလျှင် ယင်းကဲ့သို့သောအခွင့်အရေးမျိုး ထပ်မံ ကြုံ၊မကြုံကို အတတ်ပြောမရပေ။

အနည်းငယ် စိတ်မကောင်းဖြစ်နေသည့် ရှရှင်းချန် သည် နှုတ်ဆိတ်၍သာ ထိုင်နေပါ၏။

The Star Around The Sun (Burmese Translation)Where stories live. Discover now