အခန်း {၄}
ဧရာမလေတံခွန်ကြီး
ရှန်အိမ်တွင် " အစားသုံးဆောင်စဉ် စကားမပြောရ၊ အိပ်ယာဝင်ချိန်တွင် အသံမထွက်ရ " ဟူသည့် စည်းကမ်းကို လိုက်နာတတ်ကြသည် မဟုတ်ပေ။ တစ်ဖက်က ထမင်းစားရင်း တစ်ဖက်က ချန်ကန်းကို စာသင်ပေးတတ်သည်။ ပြောရင်းပြောရင်း အဓိက ပြောချင်သည့် အချက်များ ပျောက်သွားတတ်ပြီး "ဆောင်းတွင်းမှာ သံချပ်ကာတွေကို ဘယ်လိုထိန်းသိမ်းရမလဲ" ဆိုသည့်ကိစ္စကိုလည်း ရောက်သွားတတ်သေးသည်။ ဆရာရှန်မှာ ပင်ကို အသိပညာကြွယ်သူတစ်ယောက်ဖြစ်၍ တွေးမိတွေးရာ အကုန်ပြောနိုင်သူဖြစ်သည်။ တစ်ခါကဆိုလျှင် ဘယ်ကနေ ဘယ်လိုရောက်သွားမှန်းမသိ မြင်းများတွင်ဖြစ်တတ်သော ကူးစက်ရောဂါတစ်မျိုး၏ ကုသနည်းအား ချန်ကန်းကို စိတ်အားထက်သန်စွာဖြင့် ပြောပြလေသည်။ သခင်လေးရှစ်လျို့ကဲ့သို့ နားထိုင်းသူပင် ဆက်နားမထောင်နိုင်တော့သဖြင့် ဇွတ်အတင်း ပါးစပ်ပိတ်ခိုင်းခဲ့ရသေးသည်။စားသောက်အပြီးတွင် ဆရာရှန်က မပြီးနိုင်မစီးနိုင်စွာ ပန်းကန်ခွက်ယောက် များကို သိမ်းရင်း ချန်ကန်းကိုလှမ်းပြောသည်။
" ဒီနေ့ ငါ ဒီအရေးကြီးတဲ့ သံချပ်ကာတွေအကုန် ပြု ပြင်ရမယ်၊ သူတို့ကအမြဲ မထိန်းသိမ်းတော့ တချို့ဆက်ထားတဲ့နေရာ တွေမှာဆို သံချေးတက်နေပြီ၊ ညနေကျရင်လည်း ဆေးရွက်ခူးဖို့ အပြင်ထွက်ရဦးမယ်၊ ကောဖန့်ရှောင်တို့ကတော့ ခွင့်ယူပြီးသွားဆော့ကြမှာ၊ မင်းက ဘယ်လိုလုပ်ချင်လဲ? "
ချန်ကန်း : " ဒါဆို ကျွန်တော်စစ်သူကြီးတောင်ကုန်းကိုသွားပြီး လေ့ကျင့်.... "
" ဓားရေးကျင့်မယ် " စကားကို ပြီးဆုံးအောင်မပြောလိုက်နိုင်ခင်မှာပဲ ရှန်ရှစ်လျို့က သူ၏ သံဓားကို နံရံပေါ်လှမ်းချိတ်လိုက်ပြီး ကြေညာလိုက်သည်။
" သား၊ သွားစို့၊ ဧရာမလေတံခွန်ကြီးက မြို့ထဲဝင်တော့မယ်ထင်တယ်၊ ငါတို့ လူစည်စည်ဝင်တိုးရင်း သွားပျော်ပါးရအောင်။ "
ချန်ကန်းက အားမရှိစွာဖြင့် :
" ရိဖု ၊ ကျွန်တော်ခုဏက ဆရာရှန်နဲ့ပြောနေတာ.... "
YOU ARE READING
အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသား
Randomတစ်ပိုင်းချင်း စာပြန်စစ်ပြီး ပုံတွေ ပြန်ထည့်၊ ရှင်းပြထားတဲ့ မှတ်စုလေးတွေ ပြန်ထည့်ပြီး တင်ပေးပါမယ်ရှင်။ စိတ်ဝင်စားတဲ့စာဖတ်သူတွေအနေနဲ့ မပျက်ခင် ဖတ်ကြပါနော်။