{၆၇}

731 104 61
                                    

အခန်း {၆၇}

သေရည်ဆက်သခြင်း

ချန်ကန်းက တံခါးတွန်းဖွင့်၍ ဝင်လာချိန်တွင် ကုယွင်က ခုတင်ကိုမှီထားပြီး ဒူးထက်တွင် အစင်းခြစ်ရာ‌ပေါင်းများစွာနှင့် အရောင်ပျောက်နေသော လေခွင်းဓားစကြာတစ်လက်ကို တင်ထားသည်ကို တွေ့လိုက်ရသည်။ ဖြူဖျော့နေသော မျက်နှာလေးသည် ပြောမပြတတ်သည့် အထီးကျန်မှုတို့ အပြည့်နှင့်။

ကုယွင်က တံခါးဖွင့်သံမကြားရသော်ငြား အပေါက်ဝမှ လုံးကနဲ ဝင်လာသော လေပြေအား အာရုံခံစားမိနိုင်ပါသည်။ ထို့ကြောင့် သူက ချက်ချင်း အမူအရာကို ပြန်ထိန်းလိုက်ပြီး ပြောလိုက်သည်။

" မင်းဘယ်လိုလုပ်ပြီး ပြန်လာ..... "

သူထင်ထားသည်က ရှန်ယိက ထွက်သွားပြီးမှ ပြန်ဝင်လာသည်ဟူ၍။ မမျှော်လင့်ထားဘဲ လျိုလီမျက်မှန်ကနေ ဖြတ်၍ ကြည့်လိုက်သော် ရောက်လာသည့်လူကို ကွဲကွဲပြားပြား သိလိုက်ရပြီး ရုတ်တရက် ပါးစပ်ပိတ်သွားတော့လေသည်။

ကုယွင်၏ လက်များသည် အမှုမဲ့အမှတ်မဲ့ဖြင့် စစ်သူကြီးထန်၏ လေခွင်းဓားစကြာကို လှမ်းကိုင်လိုက်မိပြီး စိတ်ထဲကလည်း "သွားပြီ" ဟု တစ်ခွန်းရွတ်မိလေသည်။ သူက ခြေမကိုင်မိ၊ လက်မကိုင်မိဖြင့် စဉ်းစားပေ၏။

[ ငါ အခုချိန်ကျမှ မူးလဲချင်ယောင်ဆောင်ရင် အချိန်မီသေးလား? ]

မိုးကောင်းကင်ကြီး ကျေးဇူးပြု၍ စာနာထောက်ထားပေးပါ။ ဤသည်မှာ စစ်သေနာပတိချုပ်ကု၏ ဘဝတွင် ပထမဆုံးအကြိမ် လူတစ်ယောက်နှင့် ရင်ဆိုင်ရမည်ကို ကြောက်၍ ထွက်ပြေးချင်စိတ်ပေါက်ခြင်းပင်။

သို့ပေမယ့် မိုးကောင်းကင်က သူ့အပေါ် စာနာထောက်ထားမှုမရှိပါချေ။

ချန်ကန်းက သူ့ရှေ့တည့်တည့်သို့ လျှောက်လှမ်းလာပြီး တခြား ဘာကိစ္စမျှ မရှိသည့်နှယ် ကုယွင်၏ လက်ချောင်းလေးများကို ထွေးဆုပ်လိုက်သည်။ ပြီးလျှင် သူ့လက်ချောင်းများကိုတော့ ကုယွင်၏ သွေးကြောထက် တင်ကာ အေးဆေးတိတ်ဆိတ်စွာဖြင့် သွေးခုန်နှုန်းကို စမ်းသပ်ကြည့်နေ၏။ ဤတစ်ခေါက်တော့ ကုယွင်လို တစ်ဝက်ကန်းနေသောသူသည် လျိုလီမျက်မှန်အားကိုးနှင့် ချန်ကန်းအား ရှင်းလင်းပြတ်သားစွာ မြင်လိုက်ရတော့သည်။ ရက်အနည်းငယ်လောက်လေး မတွေ့ရုံနှင့် ချန်ကန်းက ခါးတစ်ပတ်ပွေ့စာမျှ ပိန်ပါးသွားရသည်။ နှုတ်ခမ်းဖျားတို့က စိမ်းပြာရောင်သမ်းလျက်ရှိပြီး ၄င်းမှာ အသက်ရှူမဝသော သူတို့ ၊ သို့မဟုတ် အဆိပ်မိသောသူတို့တွင် စိမ်းပြာနေသကဲ့သို့ ပြာနေခြင်းသာ။ လူတစ်ကိုယ်လုံးက မနည်းထိန်းမတ်ကာ အားတင်းထားရသည့်ပမာ။ အထဲက အခွံလွတ်ဖြစ်နေသည့်အလားပင်။

အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသားWhere stories live. Discover now