အခန်း {၁၄}
အေးစက်မှုကိုဖြိုခွဲခြင်း
အကိုကြီးသည် မိုးမလင်းခင်မှာပင် ဓားရေးလေ့ကျင့်နေနှင့်ပြီဖြစ်သည်။ ကောဖန့်ရှောင်ကလည်း ချီးမွမ်းပြောဆိုရန်အသင့်ပြင်ပြီးဖြစ်သော်ငြား ဤကဲ့သို့ကိစ္စရပ်ကြီးတစ်ခုက ဦးအောင်ဖြစ်ပွားသွားသည်။ ထိုနေရာမှာပဲ ကြောက်လွန်း၍ မပျံနိုင်သောငှက်သဖွယ် ကြောင်အအဖြင့် ဘေးမှာရပ်နေပြီး အသက်ပင်မရှုဝံ့ ။
ချန်ကန်းကမူ မနက်စောစောရှိသေး ညကအိပ်မပျော်သည့်နှယ် စိတ်ရှုပ်နွမ်းလျလျက်ဖြင့် မျက်နှာအရောင်ပင် စိမ်းပြာရောင်သန်းနေကာ မျက်လုံးထောင့်များက အသာယာလှုပ်ခတ်နေသည်။ ကုယွင်ကို နင့်နင့်နဲနဲတစ်ချက်မျှ ကြည့်ပြီးသော် သူကဓားကိုဖြေးဖြေးချင်းချလိုက်ပြီး ကိုယ့်ကိုထိန်းချုပ်ထားဟန်ဖြင့် အသံနှိမ့်၍ ဆိုလိုက်သည်။
" ကျွန်တော် တင်္ဒဂတာ သတိလက်လွတ်ဖြစ်သွားပြီး အမတ်မင်းကို အပြစ်ပြုမိပါတယ်။ "
ကုယွင်က မေးစေ့ကို နည်းနည်းပွတ်သပ်ရင်း မျက်နှာကို တည်လိုက်ကာ မရယ်ရဲတော့ပေ။
သူက လက်ကိုမြှောက်၍ ယခင်ချိန်များကဲ့သို့ ချန်ကန်းနောက်ကျောကို ဖက်ရန်ကြိုးစားလိုက်သော်လည်း မထင်မှတ်ထားဘဲ ချန်ကန်းကရှောင်ဖယ်သွားခဲ့သည်။
ချန်ကန်းက အေးစက်စွာရယ်ပြီး ပြောလိုက်သည်။
" အမတ်မင်း အထဲကို ကြွပါခင်ဗျ ။ "
ကုယွင်က အနေရခက်စွာဖြင့် လက်ကိုပြန်ရုတ်သိမ်းလိုက်ပြီး ပါးစပ်အနားသို့ကပ်ကာ ချောင်းဟန့်လိုက်သည်။
" ချန်ကန်း၊ နေဦး။ "
ချန်ကန်းသည် သူ့ထံမှမိမိနာမည်ခေါ်သံကြားရသောအခါ ခြေလှမ်းကတုန့်ကနဲဖြစ်သွားသည်။ ကုယွင်က အနောက်ဘက်သို့လှည့်ကာ လက်အမူအရာများပြလိုက်၏။ သေတ္တာကို သယ်လာသော ပုဂ္ဂိုလ်သုံးလေးယောက်က ချက်ချင်း ဝံ့ဝံ့ကြွားကြွားလျှောက်ဝင်လာသည်။ အနှီသေတ္တာကို ခြံအပြင်မှာချထားပြီးသည်နှင့် တစ်ပြိုင်နက်တည်း အနောက်ကိုဆုတ်ကာ အတန်းလိုက် ဒူးတစ်ဖက်တည်း ထောက်ချလိုက်ကြပြီး ပြောသည်။
YOU ARE READING
အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသား
Randomတစ်ပိုင်းချင်း စာပြန်စစ်ပြီး ပုံတွေ ပြန်ထည့်၊ ရှင်းပြထားတဲ့ မှတ်စုလေးတွေ ပြန်ထည့်ပြီး တင်ပေးပါမယ်ရှင်။ စိတ်ဝင်စားတဲ့စာဖတ်သူတွေအနေနဲ့ မပျက်ခင် ဖတ်ကြပါနော်။