{၇၂}

730 131 86
                                    

အခန်း {၇၂}

မှုန်ရီဝိုးတဝါးအိပ်မက်အလား

ကုယွင်သည် စခန်းသို့ ပျံသန်းသွားမတတ် လျင်မြန်စွာ ပြေးထွက်သွားရာ အနောက်မှပါရှိသော အနီးကပ်စစ်သည်တော်များမှာလည်း အကြောင်းအရင်းကို မသိသော်ငြား သာမန်ချိန်များတွင် လေ့ကျင့်ထားသကဲ့သို့ ကုယွင်၏အနောက်ကနေ ပြေးလိုက်သွားကြတော့သည်။ သံနက်တပ်ရင်း၏ မြင်းစီးစစ်သည်တော် တစ်စီတစ်တန်းလိုက်ကြီးသည် တာဝန်ချိန်ချင်း မပြောင်း၊ အဖွဲ့ချင်းမလဲလှယ်ပါဘဲ ဝရုန်းသုန်းကားဖြင့် ရူးနေသည့်နှယ် အပြေးအလွှား နောက်ကလိုက်ကြ၏။ ဤသည်မှာ စခန်းတွင် စောင့်ကြပ်နေသော တာဝန်ကျစစ်သည်များအား ဘယ်ကနေ ဘွားကနဲ ရန်သူများ ထွက်ပေါ်လာသည်လဲဟုပင် ထင်ယောင်မိစေကာ တစ်ယောက်ပြီးတစ်ယောက် ချန်းလီယန်ဖြင့် ဟိုကြည့်သည်ကြည့် ငေးမျှော်ကြည့်မိကြတော့လေသည်။

ကျားယွိမြို့ရိုး၏ သံနက်တပ်ရင်း အခြေစိုက်စခန်းထဲတွင် ရွှေမြို့တော်မှလာသော ရထားလုံးများက တစ်စီတစ်တန်းတည်း ရပ်ထား၏။ သိုလှောင်ရုံများအား ထိန်းသိမ်းသောသူတို့သည် ယခုမူ လွန်စွာမှ အလုပ်ရှုပ်လျက်ရှိပေ၏။ ထိုစဉ် ကုယွင်သည် ပြေးလွှားနေရာမှ ရုတ်ခြည်း တုန့်ကနဲ ခြေလှမ်းများကို ရပ်တန့်လိုက်သည်။

စစ်သည်တော်များသည်လည်း ကပျာကယာဖြင့် နောက်ကနေ တုန့်ကနဲ ရပ်တန့်လိုက်ကြပြီး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ဖြစ်နေ၏။

ကုယွင်သည် အထူးအဆန်းဖြစ်လျက် အနောက်သို့ ခေါင်းလှည့်ကာ သူတို့ကို တစ်ချက်ကြည့်လိုက်ပြီး ပြော၏။

" မင်းတို့တွေ ဘာကိစ္စ ကြောက်လန့်တကြား လျှောက်ပြေးနေကြတာလဲ? "

စစ်သည်တော်များ :" ....... "

ကုယွင်က ချောင်းခြောက်တစ်ချက်ခန့် ဟန့်လိုက်ပြီး သံနက်ချင်းချုံဝတ်စုံထက်တွင် မရှိသော ဖုန်များကို ခါလိုက်သည်။ ထို့နောက်တွင် ခုနလေးက ပျောက်သွားသမျှ ဣန္ဒြေသိက္ခာများကို ပြန်လည်ထိန်းသိမ်း၍ ဘယ့်နှယ့်မျှ အပူအပင် အတားအဆီးမရှိသော ဘာမထီဟန် မျက်နှာထားဖြင့် ပြာယာခတ်မှုများကို ချောင်ထိုးထားကာ အေးအေးလူလူ လမ်းလျှောက်နေဟန် လက်နှစ်ဖက်ကို အနောက်သို့ ပစ်ထားလျက် တည်တည်ငြိမ်ငြိမ်ဖြင့် စစ်သေနာပတိချုပ် ရွက်ဖျင်တဲထဲသို့ ဝင်သွားတော့လေသည်။

အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသားWhere stories live. Discover now