အခန်း {၂၉}
နဂါးများ၏ဘေးအန္တရာယ်
တဒင်္ဂအတွင်း၌ ကုယွင်တွင် ဘာစိတ်ဆိုးဒေါသထွက်ခြင်းမှ မရှိတော့ချေ။သူက ချန်ကန်းကို ဆီးကြိုပွေ့ဖက်လိုက်ပြီး ချန်ကန်း၏ကျောပြင်အား ခပ်ဖွဖွ ပုတ်ပေးလေသည်။ ကုယွင်က သူ့မေးစေ့ဖြင့် တစ်ဖက်လူ၏ ပခုံးကို ပွတ်သီးပွတ်သပ်လုပ်လိုက်ပြီး အနှီပခုံးလေးများသည်ကား ဟိုးယခင်ကလို ခပ်ညှပ်ညှပ် ပခုံးပြင်နှင့် ကိုယ်ခန္ဓာမဟုတ်တော့ကြောင်း ခံစားမိလေသည်။
ကုယွင်သည် ရိုးသားစွာဖြင့် "ငါလည်း မင်းကိုလွမ်းနေတာ" ဟု ပြောလိုက်ချင်မိသော်ငြား ထိုကဲ့သို့သော စကားမျိုးကို ဒီအရွယ်ရောက်သည်အထိတောင် သူတစ်ခါမျှမပြောဖူးပေ။ အနှီစကားလေးတစ်ခွန်းသည် သူ့ရင်ဘတ်ထဲတွင် သုံးကြိမ်တိတိ ဟိုတိုးသည်ဝှေ့ဖြင့် တိုးထွက်ချင်နေသည့်ပမာ...။ သို့ရာ နောက်ဆုံးတွင် စိတ်လှုပ်ရှားစွာဖြင့်ပဲ ဗိုက်ထဲသို့ ပြန်မျိုချလိုက်တော့သည်။
သူလည်း ခပ်ဟဟရယ်လျက် ဆိုလိုက်သည်။
" ဘယ်အရွယ်ရောက်နေပြီလဲ... အခုထိ ချွဲနေတုန်းပါလား "
ချန်ကန်းက မျက်လုံးများကို မှိတ်ထားမိသည်။ သူ့ရင်ထဲတွင် သည့်ထက်ပိုပြီး စည်းမကျော်သင့်တော့ဟု သိနေသည်။ မှန်၏ ချစ်မေတ္တာစိတ်ဟူသည် တားမြစ်မရနိုင်။ သို့သည်တိုင် ခြေလက်များကိုမူ တားမြစ်လို့ရနိုင်သေးသည်မဟုတ်ပါလား...။
သူက ပါးနပ်လိမ်မာစွာနဲ့ ကုယွင်ကို လက်လွှတ်ပေးလိုက်ပြီး တည်ငြိမ်စွာဖြင့် ဘေးတစ်ဖက်တွင် ရပ်နေလိုက်သည်။ သူ့ရင်ဝ၌ တရစ်ရစ် တဝဲဝဲ ရစ်တွယ်နေသော စိတ်ရိုင်းမြူခိုးများ ပိုမိုကြီးထွားပေါက်ဖွားမလာအောင် သည်းခံထိန်းချုပ်နေမိသည်။ သူသည် သူ့ကိုယ်သူ လိုချင်တာ သိပ်ကို များမှန်းသိပါသည်။ များလွန်းတာမှ ဆင်ခြင်တုံတရား မရှိလောက်အောင်ပင်။ ဘယ်လောက်ထိတောင်လဲဆိုလျှင် ထို လိုအင်ဆန္ဒများမှ တဆင့် အမျိုးမျိုးသော မကျေနပ်မုန်းတီးခြင်းနှင့် နာကြည်းခြင်းတို့ပါ ပေါက်ဖွားလာသည်အထိပင်။ ပြီးတော့ ထိုအရာများအားလုံးသည် ရှက်ရွံစပ်ဆုပ်ဖွယ်ကောင်းလှသဖြင့် အရိပ်အယောင် နည်းနည်းလေးမှတောင် ထုတ်ဖော်မပြသရဲပါချေ။
YOU ARE READING
အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသား
Randomတစ်ပိုင်းချင်း စာပြန်စစ်ပြီး ပုံတွေ ပြန်ထည့်၊ ရှင်းပြထားတဲ့ မှတ်စုလေးတွေ ပြန်ထည့်ပြီး တင်ပေးပါမယ်ရှင်။ စိတ်ဝင်စားတဲ့စာဖတ်သူတွေအနေနဲ့ မပျက်ခင် ဖတ်ကြပါနော်။