အခန်း{၃၆}
လမ်းခွဲ
ဤသည်မှာ မျှော်လင့်ထားသည်နှင့် လုံးဝ မတူညီ။ ကုယွင်က ရုတ်တရက် ကြောင်အ,သွားပြီး ပါးစပ်ကလည်း အလိုလို ထွက်သွားမိသည်။
" ဘာလို့လဲ? "
ချန်ကန်းက ယုတ္တိရှိရှိ သက်သေသက်ကာရ အပြည့်ပါသော အဖြေတစ်ခုကို ပေးလာသည်။
" အနောက်နယ်စပ်မှာ ရိဖုရဲ့ သံနက်တပ်ရင်းတစ်ခုလုံးရှိနေတာ.. ကျွန်တော်လာလည်း အလုပ်ပိုရှုပ်စေတာပဲ ရှိမယ်လေ..။ ပြီးရင် ရိဖုက စိတ်အပင်ပန်းခံပြီး ကျွန်တော့်အတွက် အတုအယောင် ဂုဏ်ပုဒ်ဂုဏ်ထူးတွေ ရှာပြီး စစ်တပ်ထဲမှာ နေရာရအောင် လုပ်ပေးရဦးမယ်.. အဲ့လိုဆို ဘာအဓိပ္ပါယ်မှ မရှိဘူးလေ "
ကုယွင်ကိုယ်တိုင်ကလည်း သည်လိုလုပ်ပေးဖို့ စဉ်းစားထားသည်ဆိုပေမင့် ချန်ကန်းက သူ့ရှေ့တည့်တည့်တွင် သူ့မျက်နှာကို ကြည့်ပြီးပြောထွက်လာတော့ ရေအေးတစ်ပန်းကန်းနှင့် အပက်ခံလိုက်ရသည့်ပမာ ခံစားလိုက်ရလေသည်။ သို့ရာ ကုယွင်က ခက်ခက်ခဲခဲဖြင့် မျက်နှာအမူအရာ မပျက်မိအောင် ထိန်းထားရင်း ပြန်ပြောလိုက်သည်။
" အဲ့... အဲ့ဒါဆိုလည်း ဟုတ်ပြီလေ.. ရွှေမြို့တော်ကို ပြန်ပြီး စောစောစီးစီး ညီလာခံတက်တာလည်း ကောင်းပါတယ်..။ ငါ့ဆရာရဲ့ တပည့်ဟောင်းတချို့လည်း အဲ့မှာရှိသေးတယ်.. မင်းအခုကတည်းက သွားပြီး ရင်းရင်းနှီးနှီး ပေါင်းသင်းထားရင်.... "
ချန်ကန်း : " အဲ့လိုသာဆိုရင် ရိဖုဆီမှာလိုက်နေတာနဲ့ အတူတူပဲ ဖြစ်သွားမှာ မဟုတ်ဘူးလား? "
စကားဆိုရင်းပင် သူက စင်္ကြန်လမ်းလေး၏ အဆုံးကို လှမ်းကြည့်လိုက်သည်။ ကျန်းနန်၏ တောက်ပနွေးထွေးလှသော နေရောင်ခြည်အောက်တွင် ပန်းဥယျာဉ်နှင့်အပြည့် ငွင့်ငွင့်ကြွားကြွား ပန်းမာလာများ ဝေဝေလှိုင်နေပေသည်။ သို့ရာ ယောင်အိမ်တော်ရှိလူများ ပြောပုံအရဆိုလျှင် သည်တောက်ပငွားစွင့်နေသော ပန်းများသည် ပန်းပွင့်ချိန်ရာသီဖြစ်သော ဆယ်ရက်၊ ဆယ့်ငါးရက်သာ ခံသည်ဟူသတတ်။ ဘယ်လောက်မှ ကြာကြာမပွင့်လိုက်ရဘဲ ကြွေလွင့်သွားကြရသည်ဆို၏။ သို့ရာတွင်.. သည်အလွန်တရာ လှပသော ပန်းကလေးများက ပန်းဥယျာဉ်ထဲ၌ ပွင့်လန်းဝေဆာနေ၍သာ လူတို့ တွေ့မြင်ရှုစားခွင့်ရသည်မဟုတ်လား။ အကယ်၍ ရှားပါးဝေးလံခေါင်ဖျားရှိ တောကြိုတောင်ကြား၊ မြေရိုင်းလွင်ပြင်များတွင် ပေါက်ရောက်နေပါက.. ရှုစားမျှော်လင့်မည့်သူ မရှိပါဘဲ တိတ်တိတ်ကလေး ပွင့်လန်းရှင်သန်နေပြီး ဘယ်သူမှမသိလိုက်ဘဲ တိတ်တိတ်ကလေး ကြေလွင့်ညှိုးနွမ်းသွားရပေတော့မည်။ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းက လက်တစ်ကမ်းမှာ.. သူတို့ဖြစ်တည်မှုကို မျက်မြင်သက်သေတည်ပေးခဲ့တာက ကျေးငှက်ကလေးများနှင့် တောရိုင်းတိရစ္ဆာန်များထက် မပို။ မည်သူကရော သိရှိပေးလိမ့်မည်နည်း?
YOU ARE READING
အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသား
Randomတစ်ပိုင်းချင်း စာပြန်စစ်ပြီး ပုံတွေ ပြန်ထည့်၊ ရှင်းပြထားတဲ့ မှတ်စုလေးတွေ ပြန်ထည့်ပြီး တင်ပေးပါမယ်ရှင်။ စိတ်ဝင်စားတဲ့စာဖတ်သူတွေအနေနဲ့ မပျက်ခင် ဖတ်ကြပါနော်။