အခန်း {၁၅}
ညချမ်းအခါသမယ၌ စကားစမြည်ပြောခြင်း
ချန်ကန်းအတွက် ရှန်ရှစ်လျို့နှင့်ကုယွင်ကို တစ်ယောက်တည်းအဖြစ်မြင်နိုင်ရန် အလွန်ခက်ခဲလှသည်။
ရှန်ရှစ်လျို့သည်ကား နယ်စပ်ဒေသလေးရှိ ပေတေလေလွင့်နေသော သူတစ်ယောက်ထက်မပိုပေ။ တစ်နေကုန်တစ်နေခမ်း အရပ်လေးမျက်နှာကို လည်ပတ်လျှောက်သွားကာ အစားသောက်ချေးများလွန်းပြီး အလုပ်အကိုင် မရှိသူတစ်ယောက်။ စစ်မှန်ပြီး အမြင်ကတ်စရာကောင်းသည့် သူပင်။
သို့သော် ကုယွင်က ထိုသို့မဟုတ်။
ဤလောကရှိ အများပြည်သူအတွက် "ကုယွင်" ဆိုသောသူကို ပုထုဇဉ်လူသား ဟူ၍ပင် သမုတ်၍မရနိုင်ချေ ။ သူသည် အမှတ်သင်္ကေတတစ်ခု၊ ခေါင်းသုံးလုံးလက်ခြောက်ဖက်နှင့် ထူးဆန်းထွေလာ ဒဏ္ဍာရီလာ နတ်မျိုးနွယ်၊ မိုးကောင်းကင်တစ်ခွင်ကိုပင် လွှမ်းမိုးနိုင်ပြီး အရာရာကို ထိုးထွင်းသိမြင်နိုင်သော စွမ်းရည်မြင့်မားသူ တစ်ယောက်သာ။
မိုင်ထောင်သောင်းချီ ကျယ်ပြောလှသည့် တိုင်းပြည်ကြီးတစ်လွှား နယ်စပ်လေးဘက်လေးတံမကျန်ကို ခြုံလွှမ်းအုပ်ချုပ်နိုင်သူရှိမည်ဆိုလျှင် ထိုလူသည် ကုယွင် တစ်ယောက်သာပဲဖြစ်လိမ့်မည်။
ချန်ကန်းသာလျှင် မဟုတ်ချေ ။ ကောဖန့်ရှောင်နှင့်ချောင်နျန်ဇစ်တို့ပင် ယနေ့အထိ အိပ်မက်မက်သည်ဟု ထင်မှတ်နေတတ်သည်။
သို့ရာ ချန်ကန်းနှင့် အနှီကလေးနှစ်ယောက် မတူနိုင်သည်က ရှန်ရှစ်လျို့ကား အခြားသူ၏ရိဖု မဟုတ်ခြင်းပင်။
ချန်ကန်းကမူ ကုယွင်က မိမိကို လိမ်ညာဖုံးကွယ်လှည့်စားထားခြင်းကြောင့် စိတ်ဆိုးခြင်းမဟုတ်။ မည်သို့ဆိုစေ သူသည် မွေးလာကတည်းက အကြိမ်ကြိမ် အလိမ်ခံရရင်းမွေးဖွားလာခဲ့ပြီးပြီ။ တစ်ကြိမ်လေး ပိုအလိမ်ခံရ၍ဖြစ်စေ တစ်ကြိမ်လေးလျှော့အလိမ်ခံရ၍ဖြစ်စေ ထူး၍ ပြဿနာမရှိချေ။
သည့်အပြင် အန်းတင့်အမတ်မင်းကဲ့သို့သောလူက ချန်ကန်းလို တစ်ကိုယ်တည်းတစ်ကောင်ကြွက် ဆင်းရဲသားလေးတစ်ယောက်ဆီက ကြံစည်လိမ်လည်ချင်စရာရော ဘာများ ရှိပါမည်နည်း။
YOU ARE READING
အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသား
Randomတစ်ပိုင်းချင်း စာပြန်စစ်ပြီး ပုံတွေ ပြန်ထည့်၊ ရှင်းပြထားတဲ့ မှတ်စုလေးတွေ ပြန်ထည့်ပြီး တင်ပေးပါမယ်ရှင်။ စိတ်ဝင်စားတဲ့စာဖတ်သူတွေအနေနဲ့ မပျက်ခင် ဖတ်ကြပါနော်။