အခန်း {၄၂}
စတင်ရှုပ်ထွေးခြင်း
အနှီခွိုင်လန်ထူ၏ ရဲမက်များက ကုယွင်အမိန့်အတိုင်း လမ်းဖယ်ပေးသော်ငြား လက်ထဲတွင် ကိုင်ဆိုင်ထားသော ဓားများကိုမူ မသိမ်းသေးချေ။ သူတို့က ဖုကျစ်ချန်အား ဓားများ အထပ်ထပ်ဝန်းရံထားသော လမ်းကျဉ်းလေးတစ်လမ်းကိုသာ ချန်ထားပေးလေသည်။ ဓားပြဖုသည်လည်း ခပ်အအ မဟုတ်ချေ။ တောင်ပေါ်သို့ ထူးချွန်ပြောင်မြောက်လှသည့် စစ်သည်တော် ရာချီခေါ်၍ တက်လာလေသည်။ လူတိုင်း လူတိုင်းက သံမဏိသံချပ်ကာများ ဝတ်ဆင်ထားပြီး အတန်းနှစ်တန်းစီတန်းလျက် ဓားလက်နက်အသီးသီးကိုင်ဆောင်ကာ ခုခံရန် အသင့်ပင်။
နှစ်ဖက်လုံးက အပြန်အလှန် ဓားဦးချင်း ချိန်ရွယ်ထားသည့်ကြားတွင် ဖုကျစ်ချန်က သံထည်ချင်းရိုက်ခတ်သည့်အသံ ညံလျက် စစ်သည်များကို ခေါ်ဆောင်လျက် မောင်းတင်ကာ အပေါ်တက်လာခဲ့တော့သည်။
သူ့ကိုကြည့်ရတာ အပြစ်တောင်းခံဖို့ လာတာနှင့်မတူ။ ကုယွင်ကို လာရှာပြီး စစ်ဆေးမေးမြန်းဖို့ လာသည်နှင့်တူ၏။
အောက်တွင် ကျန်နေခဲ့သော နန်ကျန်းစစ်တပ်ကြီးက ရှင့်ကျစ်လင်ကို ပတ်ပတ်လည်ကနေ ဝိုင်းရံ ပိတ်ဆို့လိုက်ပြီး ကျားရဲက သားကောင်ကို ကြည့်နေသည့်ပမာ စူးစူးစိုက်စိုက်ကြည့်လျက် တောင်ပေါ်ကလူတွေကို ခြိမ်းခြောက်နေသည့်နှယ်ပင်။
ခွိုင်လန်ထူသည် ထိုသူက သည်လောက်အထိ အတင့်ရဲ သတ္တိကောင်းလိမ့်မည်ဟု မထင်ထားခဲ့ချေ။ သူက အပေါ်ယံ ဟန်ဆောင်ပန်ဆောင်တောင် မရှိတော့ဘဲ ဤသို့ တစ်ခါတည်း ချီတက်လာခဲ့သည်တဲ့လေ။ အန်းတင့်အမတ်မင်းကိုတောင် မျက်လုံးထဲ မထည့်တော့သည့် အပြုအမူပင် မဟုတ်ပါလား။ ထို့ကြောင်မို့ ခွိုင်လန်ထူတစ်ယောက်၏ မေးကြောများ တင်းထောင်လာတော့သည်။
ဖုကျစ်ချန်သည် မိုးသက်လေပြင်းများ သယ်ဆောင်လာသည့်နှယ် တောင်ပေါ်တက်လာခဲ့ပြီး သူ့ကိုယ်ပေါ်၌ သတ်ဖြတ်လိုသည့်အငွေ့အသက်များ အပြင်းအထန် စွဲကပ်လျက်ရှိသည်။
YOU ARE READING
အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသား
Randomတစ်ပိုင်းချင်း စာပြန်စစ်ပြီး ပုံတွေ ပြန်ထည့်၊ ရှင်းပြထားတဲ့ မှတ်စုလေးတွေ ပြန်ထည့်ပြီး တင်ပေးပါမယ်ရှင်။ စိတ်ဝင်စားတဲ့စာဖတ်သူတွေအနေနဲ့ မပျက်ခင် ဖတ်ကြပါနော်။