အခန်း {၇}
ရန်သူများ၏ အလစ်ဝင်တိုက်ခိုက်မှု
ယနေ့အတွက် မြို့ခံတပ်ကို တာဝန်ရှိသူသည် စစ်သားဟောင်းတစ်ဖြစ်လဲ ယခုလက်ရှိအုပ်ချုပ်သူအရာရှိ ဝမ် မျိုးနွယ် ဖြစ်သည်။ အနှီလူ၏ ဘဝသက်တမ်းတစ်ဝက်မျှကို ယန့်ဟွေမြို့၌သာ ကုန်ဆုံးခဲ့သူဖြစ်သည်။ အချိန်ရှိတိုင်း အရက်သေစာသောက်စားတတ်ပြီး မူးလာလျှင် လေလုံးထွားတတ်သေးသည်။ ဟိုးယခင်နှစ်များတုန်းက ကုအမတ်မင်းဟောင်းနောက်လိုက်ပါ၍ မြောက်ပိုင်းတိုက်ပွဲကို ဆင်နွှဲဖူးကြောင်း ကိုလည်း မကြာခဏပြောလေ့ ရှိသည်။
တကယ်ဟုတ်မဟုတ် မသိကြပေမဲ့ ဟုတ်ချင်လဲဟုတ်နေနိုင်ပြန်သည်။ အမတ်မင်းဟောင်းသည်လည်း လူတစ်ယောက်ဖြစ်သောကြောင့် စားသောက်နေထိုင်ရဦးမည်မလား၊ အနီးနားမှာ မီးမွှေးထမင်းချက်တတ်သူတစ်ယောက်လောက်တော့ ခေါ်ထားနိုင်ပါသည်။
သို့သော် မည်မျှအလုပ်ကောင်းကောင်းမလုပ်တတ်သူဖြစ်ပါစေ၊ အနှီဧရာမလေတံခွန်ကြီးပြန်လာသော ဤကဲ့သို့နေ့ရက်မျိုးတွင် လောင်ဝမ်သည်လည်း အရက်သောက်ရဲမည့်သူ မဟုတ်ချေ ။ ရာထူးကြီးအရာရှိများပင် အစဉ်လိုက်တန်းစီကာ အလှည့်ကျ စောင့်ကြပ်ရသည်။ တစ်စုံတစ်ရာပေါ့လျော့မှုကြောင့် အမှားယွင်းများရှိလာကာ အရှက်ကွဲမည်ကို လူတိုင်းကြောက်ကြသောကြောင့်ဖြစ်သည်။
ကံမကောင်းစွာပင်၊ 'ဘယ်အရာကိုကြောက်နေသလဲ ကြောက်နေတာတွေက အမှန်တကယ်ဖြစ်လာမှာ' ဆိုသကဲ့သို့ပင် ဤလောကကြီးကား မအေးချမ်းနိုင်ဖို့ ကံကြမ္မာပါလာပြီးသား ဖြစ်နေလေပြီ။
လောင်ဝမ်သည် ဖြေးဖြေးချင်း မိုးကောင်းကင်ယံထိပျံ့လွင့်သွားသော အချက်ပေးခရာသံကို လည်ဆန့်လို့မော့ကြည့်လိုက်ပြီး စိတ်တိုစွာဖြင့် အော်ဟစ်လိုက်တော့သည်။
" ဘယ်က မူးရူးနေတဲ့ ခွေးသူတောင်းစားတွေက အချိန်အခါမကြည့်ရတာလဲ၊ အရက်မူးပြီး စောက်ရူးထချင်ရင် ယောက္ခမအိမ်သွားလုပ်လေ၊ ဘာကိစ္စ အချက်ပေးခရာကို လက်ကမြင်းရတာလဲ? ဒီအဘိုးကြီးတစ်ယောက်လုံးကို အလှပြထားတဲ့မျောက်လို့ ထင်နေတာလား? "
YOU ARE READING
အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသား
Randomတစ်ပိုင်းချင်း စာပြန်စစ်ပြီး ပုံတွေ ပြန်ထည့်၊ ရှင်းပြထားတဲ့ မှတ်စုလေးတွေ ပြန်ထည့်ပြီး တင်ပေးပါမယ်ရှင်။ စိတ်ဝင်စားတဲ့စာဖတ်သူတွေအနေနဲ့ မပျက်ခင် ဖတ်ကြပါနော်။