အခန်း {၁၈}
အမတ်မင်းအိမ်တော်ရာ
နန်းမြို့တော်၌ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ပုန်းလျှိုးကွယ်လျှိုးဖြစ်နေခဲ့သော အအေးဓာတ်များက အတွင်းမှအပြင်ကို တစိမ့်စိမ့်ဖောက်ထွက်လာကြသကဲ့သို့နှယ် ပထဝီမြေကြီးထဲမှ စိမ့်ထွက်လာတော့သည်။ ရေခိုးရေငွေ့လေးများပင် အေးစက်လှသော ရာသီအပြောင်းအလဲကြောင့် နှင်းပွင့်ချပ်လေးများအဖြစ် ခဲသက်သွားရပြီး အရိုးထဲအထိ စိမ့်ချမ်းစေလာတော့သည်။
ချန်ကန်းကမူ ပြည်သူတစ်ပြုံတစ်ခေါင်းနှင့်အတူ အူကြောင်ကြောင်ဖြင့်သာ ယခင်ဧကရာဇ်၏ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်လိုက်ရသည်။ ဂူဗိမာန်သွင်းသည့်နေ့တွင် မြင်းရှစ်ကောင်ဆွဲသော မြင်းလှည်းဖြင့် နဂါးကိုးကောင်ထွင်းတော်မူသော ခေါင်းတလားကို ပို့ဆောင်ကြသည်။ လမ်းမကြီး၏နှစ်ဖက်လုံးတွင် ရေနွေးငွေ့သုံးခရာပေါင်း တစ်သိန်းကို စိုက်ထူထားသည်။ ၎င်းတို့ထံမှ နာကျင်ကြေကွဲခြင်း အထိမ်းအမှတ်တေးသွားများ အလိုအလျောက် မြည်ဟည်းပျံ့လွင့်နေပြီး ၎င်းမှပန်းထွက်နေသော အဖြူရောင်မီးခိုးငွေ့များက နန်းဦးမြို့တော်တစ်မြို့တော်လုံးကိုပင် ဖုံးအုပ်သွားတော့သည်။ လေးလံသော သံချပ်ကာဝတ် စစ်သည်တော်များက မသက်ဆိုင်သောလူများတိုးဝင်လာခြင်းမပြုစေရန် စည်းတံတိုင်းကြီးသဖွယ် ကာကွယ်ထားပြီး ၄င်းသံချပ်ကာစစ်သည်တပ်ဖွဲ့၏ အနောက်တွင် အခမ်းအနားကို လာရောက်ပို့ဆောင်အရိုအသေပြုသည့် ပြည်သူပြည်သားများက တောင်လိုပုံနေ၏။ ထိုလူများထဲတွင် မဟာလျန်ပြည်ကြီး၏ပြည်သူများ၊ အရှေ့တိုင်းလူမျိုးများ၊ တောင်ပိုင်းရှိလူမျိုးစပ် ပိုင်ယွဲ့လူမျိုးများ၊ မန်လူရိုင်းများလည်းပါရှိကြသည်။ .... ထို့အပြင် နောက်ထပ် ရေတွက်၍ပင်မကုန်နိုင်သော အနောက်နိုင်ငံများမှလူမျိုးခြားလည်း ပါရှိကြသည်။
အကြိမ်ပေါင်းမရေမတွက်နိုင်သော တိတ်တဆိတ် အကဲခတ်ခြင်း၊ ခန့်မှန်းသုံးသပ်ချင်သည့် အကြည့်များဖြင့်ကြည့်ခြင်းတို့သည် ပေါ်ပေါ်ထင်ထင်ဖြစ်စေ ၊ မသိမသာဖြင့်ဖြစ်စေ ချန်ကန်းထံသို့သာ ကျရောက်နေသည်-----သရုပ်မှန်က ပဟေဠိကဲ့သို့သော မင်းသား (၄) လီမင်၏ ကိုယ်ပေါ်သို့ဖြစ်သည်။ စိတ်မကောင်းစွာပင် မည်သူကမှ အန်းတင့်အမတ်မင်း၏ အကြည့်၊ မျက်လွှာအောက်တွင် ချန်ကန်းထံသို့ ရှေ့တိုးစကားစ,ခြင်း မပြုရဲကြပေ။ ချန်ကန်းသည် စစ်သေနာပတိချုပ်ကု၏ ပေါ်ပေါ်ထင်ထင် လူသိရှင်ကြား ကာကွယ် ဖွက်ထားပေးခြင်းကို ခံထားရသောကြောင့် ဤရက်အနည်းငယ်အတွင်း၌ အိမ်ရှေ့စံမင်းသားနှင့် ဝေ့ဝမ်၊ နောင်တော်နှစ်ပါးက သူ့ကို တစ်ခါစီ လာတွေ့ပြီး နှစ်ပတ်မျှ ပတ်ကြည့်ခြင်းခံရသည်မှလွဲ၍ အလကား အားယားစပ်စုသောလူများနှင့် ပတ်သတ်ဆက်ဆံစရာ လုံးဝမလိုခဲ့ပေ။
YOU ARE READING
အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသား
Randomတစ်ပိုင်းချင်း စာပြန်စစ်ပြီး ပုံတွေ ပြန်ထည့်၊ ရှင်းပြထားတဲ့ မှတ်စုလေးတွေ ပြန်ထည့်ပြီး တင်ပေးပါမယ်ရှင်။ စိတ်ဝင်စားတဲ့စာဖတ်သူတွေအနေနဲ့ မပျက်ခင် ဖတ်ကြပါနော်။