အခန်း {၄၈}
တုန်လှုပ်ဖွယ်အသိတစ်ခု
လျောင်ရန်က အံ့အားသင့်သွားမိသည်။ သူသည် အန်းတင့်အမတ်မင်းဟာ တစ်နေ့မယ်တော့ ဟုကော်ဘုံကျောင်းထံ ကြွလှမ်းလာလိမ့်မည်ဟု ဘယ်တုန်းကမျှ မထင်ထားမိခဲ့ချေ။ သူက ကပျာကယာဖြင့် ချန်ကန်းထံ လက်ဟန်ဖြင့် ပြောလိုက်သည်။
" အန်းတင့်အမတ်မင်းက ပူဇော်ပသနေတဲ့ အမွှေးနံ့သာပြာမှုန့်လေး နည်းနည်းလောက်နင်းမိရင်ကို ကံဆိုးတယ်လို့ ထင်နေတဲ့လူ မဟုတ်ဘူးလား? ဒီနေ့ လူကြီးမင်းက ကျားရဲတွင်းထဲထိ ဆိုက်ဆိုက်မြိုက်မြိုက် ဝင်လာမိပြီဆိုတော့ အိမ်ပြန်ရောက်ရင် မကောင်းဆိုးဝါးနှင်တဲ့ အရွက်နဲ့ အရေခွံတစ်ထပ်လုံးကို ဆေးကြောပစ်မလား မသိဘူးနော်? "
ချန်ကန်းကမူ သူ့ကို အရေးမစိုက်အားပေ။ သူ့မျက်နှာထက်၌ ဖြူတစ်ခါစိမ်းတစ်လှည့် သဘာဝမကျသည့် အရောင်များ ဖြတ်ပြေးနေသည်။
သူသည် ကုယွင်ထံမှာ သူ့အပြစ်အတွက် ဝန်ခံတောင်းပန်ရန် အဆင်သင့်မဖြစ်သေးချေ။
ပြောရမည်ဆိုလျှင်... တိုက်တိုက်ဆိုင်ဆိုင်ပင်။ သူတို့နှစ်ဦးလုံးသည် ထိုနေ့က သေရည်မူးပြီးနောက် ပြုလုပ်မိသော အမူအကျင့်နှင့်ပတ်သတ်၍ မိမိက အရင် တစ်ဖက်လူအပေါ် မလေးမစားပြုမူမိသည်ဟု မှတ်ယူနေကာ အသီးသီး စိတ်မလုံနေကြခြင်းသာ။
လျောင်ရန်သည် ထူးဆန်းစွာဖြင့် ချန်ကန်းကို စိုက်ကြည့်နေသည်----- သည်နှစ်အနည်းငယ်အတွင်းတွင် ချန်ကန်းသည် ဝူးအာကူကို ဖိနှိပ်ချုပ်တည်းရန် အလို့ငှါ စိတ်ငြိမ်အေးချမ်းစွာ တရားအားထုတ်လေ့ရှိပြီး ထိုပါရမီအထုံကို ထိပ်ဆုံးအထိ ကျင့်ကြံပေါက်ရောက်ခဲ့ချေပြီ။ သူသည် နံရံကို မျက်နှာမူ၍ နှစ်ရက်၊ သုံးရက် ကြာသည့်တိုင် မလှုပ်မယှက်ဖြင့်တောင် တရားမှတ်နိုင်သည်။ လျောင်ရန်လို "ဘုန်းကြီး" ကတောင် သြချယူရသည်ပင်။
သောကဗျာပါဒများနေသော လူတစ်ချို့က သူ့မျက်လုံးတွေကို ကြည့်လိုက်ရုံနှင့်တောင် သူနှင့်အတူ အလိုလိုစိတ်အေးသွားစေနိုင်သည်အထိပင်။ အနှီ ချောမောခံ့ညား လှပသော အဖြူရောင်ဝတ် သခင်လေးသည် ဘုန်းတော်ကြီးများ ထိုင်နေသော အခင်းဖုံအဟောင်းလေးထက် ငြိမ်သက်စွာ ထိုင်နေသည်မှာ ဤလောကီရေးရာ အရိပ်အရောင်အဖြာဖြာထံမှာ လွတ်မြောက်အေးချမ်းနေပြီးသား လူတစ်ယောက်ပမာ တူလှသည်။ သို့သော် မမျှော်လင့်ထားဘဲ "အန်းတင့်အမတ်မင်း" ဟူသော စကားသုံးလုံးက ကန်ရေပြင်ပေါ် ရေစက်တစ်စက်ကျသွားသည့်နှယ် လှိုင်းပွက်ပွက်ထစေသတဲ့။
YOU ARE READING
အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသား
Randomတစ်ပိုင်းချင်း စာပြန်စစ်ပြီး ပုံတွေ ပြန်ထည့်၊ ရှင်းပြထားတဲ့ မှတ်စုလေးတွေ ပြန်ထည့်ပြီး တင်ပေးပါမယ်ရှင်။ စိတ်ဝင်စားတဲ့စာဖတ်သူတွေအနေနဲ့ မပျက်ခင် ဖတ်ကြပါနော်။