အခန်း {၁၂၉} ~ အချပ်ပို {၁}

6.2K 381 61
                                    

Unicode>>

အခန်း {၁၂၉} ~ အချပ်ပို {၁}

ဝိညာဉ်တို့အိမ်အပြန်ခရီး

ချန်ကန်းသည် အိပ်မက်ထဲတွင် လွန်ခဲ့သော နှစ်ပေါင်းများစွာက အဖြစ်အပျက်များကို ပြန်လည် သတိရ မက်မြင်လာ၏။ သူ၏ ပတ်ဝန်းကျင်၌ နှာခေါင်းထဲသို့ စူးစူးရှရှ တိုးဝင်နေသော လောင်စာဆီ လောင်ကျွမ်းနေသည့် အနံ့နှင့် ငန်ကျိကျိ၊ ညှီစို့စို့ သွေးနံ့တို့ ပျံ့လွင့်နေသည်။ ထို့အပြင် မြက်ခြောက်များမှ လာသော မြေကြီးရနံ့လည်း အပါအဝင်ပင်။ သူ၏ အိပ်မက်ထဲတွင် သူဟာ အလွန့်အလွန် သေးကွေးသော ဟောင်းနွမ်းစုတ်ပြတ်နေသည့် ကျောပိုးခြင်းတောင်း တစ်ခုထဲတွင် ခွေခွေကလေး လုံးထွေးနေပြီး မိန်းမတစ်ယောက်၏ မညီမညာ ဒယိမ်းဒယိုင် ခြေလှမ်းများအတိုင်း ၎င်းခြင်းတောင်းထဲ၌ ယိမ်းထိုးနေလျက်သား ရှိနေ၏။

ဟူကဲအာသည် တိမ်မည်းပမာ မည်းနက်နေသော ဆံနွယ်ရှည်တို့ ရှိသည်။ သို့ရာ စိတ်မကောင်းစွာပင်၊ ခန္ဓာကိုယ် အရွယ်အစားက အင်မတိ အင်မတန် သေးသွယ် ပိန်လှီနေသောကြောင့် ခေါင်းက ပိုကြီးနေသယောင် ထင်နေရသည်။ ထို့ကြောင့် အရိုး ပဒေသာကို စုပုံထားပြီး ခေါင်းတင်ထားသော လူတစ်ယောက်ပမာ။ သူ(မ)ဟာ သင်္ချိုင်းတစပြင်ပမာ တောဓားပြစခန်းကြီးထဲတွင် တစ်ဦးတည်း လျှောက်လှမ်းဖြတ်သန်းလာခဲ့ပြီး နှုတ်ကလည်း လူရိုင်းမျိုးနွယ် သံစဉ်တစ်ခုကို ညည်းဆိုနေ၏။

(**ဓားပြစခန်းတစ်ခုလုံးကို သတ်ဖြတ်မီးရှို့ပြီး ဖြတ်သန်းလာလို့ သင်္ချိုင်းတစပြင်ပမာ တောဓားပြစခန်းလို့ ပြောတာနော်။)

ရုတ်ခြည်း၊ သူ(မ)က ခေါင်းလှည့်ကြည့်လာရာ အကြည့်တစ်စုံက ချန်ကန်းနှင့် ထိပ်တိုက် တွေ့ဆုံသွားသည်။ ချန်ကန်းသည် အလိုအလျောက် ခန္ဓာကိုယ်အား ကျုံ့လိုက်မိသည်။ သူဟာ မည်သို့ပင် အရွယ်ရောက် ကြီးပြင်းလာပြီး မည်သူကမျှ လဲဖြိုဖျက်ဆီး၍ မရနိုင်သည်အထိ သန်မာနေပါစေ၊ ဤပိန်လှီအားနည်းသော မိန်းမသည် သူ့ကို အမြဲတစေ ထိခိုက် ဒဏ်ရာရစေနိုင်သည်သာ။ ထို့ကြောင့် သူ(မ)အပေါ်တွင် သူ့၏ အသွေးအသား၊ အရိုးထဲကနေ လာသော ကြောက်ရွံ့မှုတစ်မျိုး ရှိနေမြဲ ရှိနေဆဲပင်။

အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသားWhere stories live. Discover now