{၃၅}

710 93 14
                                    

အခန်း {၃၅}

စိတ်သောကရောက်ခြင်း

ကုယွင်သည် အသက်ရှုနှုန်းအား ပုံမှန်ပြန်ဖြစ်အောင် ခက်ခက်ခဲခဲ ထိန်းနေရသည်။ သို့သော်လည်း အသက်ရှုလိုက်တိုင်း အဖျားခတ်ကာ တဆတ်ဆတ် တုန်ယင်သွားသော ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်။ သူ ခုနလေးက မတ်တပ်ရပ်နေသည်မှာ ရွက်တိုင်ပမာ မားမားမတ်မတ်ပင်။ သူများတွေကြည့်လျှင် သူဘာဖြစ်နေမှန်းတောင် မသိနိုင်ကြချေ။ သည်တစ်ခေါက် ချန်ကန်းက သူ့ကို ထွေးပွေ့ပေးထားကာမှ ခန္ဓာကိုယ်တွင်းရှိ ပြင်းပြင်းထန်ထန် နာကျင်မှုတစ်ခုက ပေါက်ကွဲတော့မတတ် တိုးထွက်လာသည်ဟု ခံစားလိုက်ရတော့သည်။

ကုယွင်သည် ဖြေးဖြေးချင်း အသက်ရှုကာ ခဏနားနေရင်း မျက်မှောင်များကြုတ်ကာ တစ်စုံတစ်ခုကို သတိထားမိသွားသည်။ သူက ချန်ကန်းထံ ခါတိုင်းလိုပင် ကြင်ကြင်နာနာပြုံးပြလျက် ပေါ်ပေါ်ထင်ထင် အလိမ်အညာစကားဆိုကာ ချော့လိုက်သည်။

" ဟုတ်ပါပြီကွာ... အဲ့ဒါ တုန်းရင်လူလေး တစ်ယောက်ပဲဟာ..။ လာ.. လာ.. ခေါင်းလေးပုတ်ပေးမယ်.. မကြောက်နဲ့တော့ ---- ငါ့ကို အဲ့လောက်ကြီး တင်းတင်းကျပ်ကျပ် ဖက်မထားနဲ့တော့ "

ချန်ကန်း : " ...... "

သည်လူနဲ့တော့ ချန်ကန်းမှာ ရင်နာလို့လည်း သေတော့မယ်.. တကယ် ရိုက်သတ်ပစ်လိုက်ချင်လို့လည်း သေတော့မယ်..။

ကုယွင်က ခုနက တုန်းရင်ဓား၏ ဓားအိမ်ရှည်ကို ‌ထောက်၍ အားပြုကာ ကိုယ့်ဘာသာ မတ်တပ်ထရပ်လိုက်သည်။ သူ့၏ ဖြူဆွတ်နေသော လက်ဖမိုးတစ်လျှောက်တွင် သွေးကြောစိမ်းများ ထောင်ထလျက်ရှိပေသည်။ အရေပြားလွှာလေးအား ဖောက်ထွက်လာတတ်တော့မတတ်ပင်။ ချန်ချင်းရွှိ သူ့ကို ပေးလိုက်သော အရက်ပန်းကန်လုံးထဲတွင် ထည့်ထားသည်မှာ သူသောက်နေကျ ဆေးဖြစ်၏။ ကုယွင်က နမ်းကြည့်ရုံနှင့် သိလိုက်သည်။ သူက "မျက်စိကန်း၊နားထိုင်း" နှင့် "ခေါင်းတစ်ခေါင်းလုံး သေလောက်အောင် ကိုက်ခဲနာကျင်သော်ငြား အရာဝတ္ထုများကို ရှင်းရှင်းလင်းလင်း မြင်နိုင်၊ ကြားနိုင်ခြင်း" နှစ်ခုအကြားတွင် အပြန်ပြန်အလှန်လှန် ရွေးချယ် စဉ်းစားကြည့်လိုက်သေးသည်။ သို့ပေသိ သူက ဒုတိယတစ်မျိုးကိုသာ ရွေးချယ်မိပြန်သည်။

အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသားWhere stories live. Discover now