အခန်း {၄၇}
နောက်ကျိနေသည့် ရွှံ့ရေ
ကုယွင်သည်ကား နေမြင့်သည်ထိအောင် အိပ်ပျော်သွားလေသည်။
ယမန့်နေ့ညက သူ့ရင်ထဲ၌ အတော်လေးကို စိတ်မကောင်းဖြစ်နေမိသောကြောင့် သေရည်ကိုအားကိုး၍ ပူပင်သောကဖြေဖျောက်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။ သို့ပေမင့် တိတိပပကို မူးသွားသည်လေ။ ကုန်းရုန်းထလာချိန်တွင် တစ်ကိုယ်လုံးက တောင့်တင်းညောင်းညာလျက်သာ။ ညလုံးပေါက် မအိပ်ခဲ့ရခြင်းထက်တောင် ပို၍ ပင်ပန်းနွမ်းနယ်နေလေသည်။
သူ့အိပ်ရာနံဘေးရှိ စားပွဲခုံလေးပေါ်၌ မည်သူချထားပေးမှန်းမသိသော အမူးပြေဟင်းရည် တစ်ပန်းကန်ရှိပေသည်။ ကုယွင်က နှာခေါင်းကိုပိတ်ထားပြီး တစ်မော့တည်းဖြင့် ကုန်စင်အောင် သောက်လိုက်တော့သည်။ သို့မှသာ ခြောက်ကပ်ကပ်ဖြစ်နေသည့် သူ့မျက်ခွံလွှာများကို ဖွင့်နိုင်တော့သည်။ သူက ခုတင်ဘေး၌သာ ငူငူငိုင်ငိုင်ဖြင့် ခေတ္တထိုင်နေမိသည်။ လျင်မြန်စွာဖြင့် ပြန်လည်သုံးသပ်ဆင်ခြင်နေမိသည်။ သူမနေ့ညက ညဉ့်လယ်လောက်၌ နိုးတစ်ဝက်အိပ်တစ်ဝက်ဖြစ်နေစဉ်က မည်မျှတောင် နားလည်ရခက်စွာဖြင့် ဂဏာမငြိမ် စိတ်စောသန်နေမှုတို့ အကြောင်း။
"အဲ့လောက်ကြီး စိတ်ညစ်နေစရာလိုလို့လား?"
ကုယွင်က သမ်းဝေလိုက်ရင်း ကိုယ့်ကိုပြန်မေးမိသည်။
သေသေချာချာ ပြန်စဉ်းစားလိုက်တော့ အမှန်တကယ်ကို အဲ့လောက်ဖြစ်စရာ မလိုပေ။
သည်နှစ်အနည်းငယ်အတွင်း တိုင်းပြည်၏ ဘဏ္ဍာရေးအခြေအနေက အနည်းငယ် ကျပ်တည်းလာပြီး စစ်တပ်သုံး အသုံးစရိတ်တွေကိုလည်း လျော့ချလာသည်မို့။ သို့ပေမဲ့လည်း ဘယ်လောက်ကျပ်တည်းပါစေ မစားနိုင်မသောက်နိုင်သည့် အခြေအနေထိတော့ မရောက်သေးပေ။
မိုးနတ်မင်းကြီးက သူ့နည်းသူ့ဟန်နှင့်တော့ သဘောကောင်းသေးသည် ဟုဆိုရမည်။ ရေကြီးမှုအနည်းငယ် ၊ မြေငလျင် ၊ ထို့အပြင် လွန်ခဲ့သော နှစ်နှစ် ၊ သုံးနှစ်ခန့်က မိုးခေါင်မှု တို့ကို ကြုံခဲ့ရသော်လည်း အလွန်အမင်း ပြင်းထန်သည့်အထဲတွင် မပါပေ။ ကျုံးယွမ်[1]က အင်မတန် ကျယ်ပြောလှရာ ဟိုဟိုသည်သည် ကြုံသလို လေပြင်းတစ်ချက်မွှေသွားရုံနှင့် နန်းတွင်းကရော ဗျာပါဒများပြီး ဒုက္ခသည်ကယ်ဆယ်ရေး လိုက်လုပ်နေရလို့လား? လုံအန်းဧကရာဇ်နန်းတက်သည့် ပထမဆုံးနှစ်မှစ၍ တစ်လျှောက်လုံး ယခုအထိတော့ တိုင်းပြည်ကြီးက အေးအေးချမ်းချမ်းရှိသည် ဟုဆိုနိုင်ပေသည်။
YOU ARE READING
အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသား
Randomတစ်ပိုင်းချင်း စာပြန်စစ်ပြီး ပုံတွေ ပြန်ထည့်၊ ရှင်းပြထားတဲ့ မှတ်စုလေးတွေ ပြန်ထည့်ပြီး တင်ပေးပါမယ်ရှင်။ စိတ်ဝင်စားတဲ့စာဖတ်သူတွေအနေနဲ့ မပျက်ခင် ဖတ်ကြပါနော်။