အခန်း {၃၁}
ဟောင်လီ
[ ဟောင်လီမည်သည် သေဆုံးပြီးသော ဝိညာဉ်တိုင်း ရောက်သွားကြမည့် နေရာတစ်ခုရယ်လို့ လူတို့က ယုံကြည်ထားကြပေ၏။ ]
ကုယွင်၏ မျက်နှာအမူအရာက နည်းနည်းလေးမှ မပြောင်းလဲသွားချေ။ တည်တည်ငြိမ်ငြိမ်ပင် ရင်ဘတ်ထဲမှ စာအိတ်တစ်အိတ်ကို ထုတ်၍ ချန်ကန်းအား ကမ်းပေးလိုက်သည်။
စာအိတ်ထဲတွင် စာမပါချေ။ အခွံသက်သက်သာ။ ၄င်းပေါ်တွင် အေးစက်စက်အနံ့သင်းသင်းရသည်။ ခပ်စူးစူးနှင့် လွှမ်းမိုးအားကြီးသော အနံ့ပြင်းပြင်းတစ်ခုခု ရောနှောထားသည့် အနံ့အသက်မျိုးဖြစ်၏။
ယမန်နေ့ညက လင်းယုန်နက်စစ်သည်တို့ အမွှေးနံ့သာပညာရှင်အား ပြန်ပေးဆွဲစဉ်က ထိုလူ့ကိုယ်ပေါ်မှ စာအိတ်သုံးအိတ် ရှာတွေ့ခဲ့၏။ ယခုကမ်းပေးလိုက်သော စာအိတ်သည် ထိုသုံးအိတ်ထဲမှ တစ်အိတ်ဖြစ်ပေသည်။ စာအိတ်သုံးအိတ်လုံးသည် တစ်ခုနှင့်တစ်ခု အမွှေးနံ့ချင်းမတူချေ။ အနှီအမွှေးနံ့သာပညာရှင်ကား အင်မတန်ခေါင်းမာကာ မည်သို့စစ်ဆေးပါစေ အမှန်တိုင်းပြောဆို လျှောက်လဲခြင်းမရှိချေ--- အမှန်ပင်.. ဤမျှအချိန်တိုလေးအတွင်းတွင် သူက ဝန်ခံပြောပြလိုက်သည်ဆိုလျှင်လည်း ကုယွင်က ယုံချင်မှယုံလိမ့်မည်။
စာအိတ်သုံးအိတ်ထဲတွင် ကုယွင်ကိုယ်တိုင် စာအိတ်၏လာရာလမ်းကို ရှင်းပြနိုင်သော တစ်ခုတည်းသော စာအိတ်မှာ ခုနကပေးလိုက်သော စာအိတ်သာလျှင်ဖြစ်၏။
ဒဏ္ဍာရီများအရဆိုလျှင် ရှေ့မင်းဆက်များထဲမှ ဧကရာဇ်တစ်ပါးသည် မှော်မိစ္ဆာလမ်းစဉ်များကို ယုံကြည်သက်ဝင်ကာ ကိုးကွယ်ခဲ့ပေသည်။ သူသည် နန်းတွင်းမှလူလွှတ်ကာ သူ့အား အထက်ကောင်းကင်လောကတွင် ပျော်မွေ့စံစားနေသည့်ပမာ ခံစားရစေမည့် အမွှေးနံ့သာတစ်မျိုးကို ဖန်တီးစေခဲ့သည်။ ၄င်းကို "ယွိဟွမ်အမွှေးနံ့သာ" ဟုခေါ်ဆိုပေ၏။ အေးစက်စက်နှင့် မသဲမကွဲ ရီဝေဝေဖြစ်စေသည်။ ကြီးကျယ်ခမ်းနားသော ချမ်းမြေ့သာယာမှုစည်းစိမ်နှင့် ကြော့မော့လွင့်မြောနေသည့်ပမာ ဇိမ်ခံခြင်းတစ်မျိုး။ ယခင်ဧကရာဇ်ကမူ ထိုအချိန်က ခိုးယူထားခဲ့ဖူးသည်။ တစ်နှစ်က သူ စိတ်ပါဝင်စားမိတုန်းအခိုက် အမှန်တကယ် သုံးကြည့်လိုက်ရာ အဟုတ်ပင် နန်းတွင်း၌ သုံးနေကျဖြစ်သော အမွှေးနံ့သာများနှင့် များစွာ မတူပေ။
YOU ARE READING
အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသား
Randomတစ်ပိုင်းချင်း စာပြန်စစ်ပြီး ပုံတွေ ပြန်ထည့်၊ ရှင်းပြထားတဲ့ မှတ်စုလေးတွေ ပြန်ထည့်ပြီး တင်ပေးပါမယ်ရှင်။ စိတ်ဝင်စားတဲ့စာဖတ်သူတွေအနေနဲ့ မပျက်ခင် ဖတ်ကြပါနော်။